News

POST TYPE

POLITICAL

ဗင်နီဇွဲလားကို စွန့်ခွာထွက်ပြေးသူဦးရေ အဆမတန်မြင့်တက်၊ ပီရူးအပါအဝင် အိမ်နီးချင်းများ အခက်ကြုံ
26-Aug-2018


ကာရာကတ်စ်၊ ဩဂုတ် ၂၅

ဗင်နီဇွဲလားနိုင်ငံတွင် ပြည်တွင်း စီးပွားရေးပြိုလဲကာ နိုင်ငံရေးမတည်မငြိမ်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် ပြည်သူထောင်ပေါင်းများစွာသည် အိမ်နီးချင်း ပီရူးနိုင်ငံသို့ ထွက်ပြေးလျက်ရှိရာ အခြေအနေအရပ်ရပ်သည် အကျပ်အတည်း ဖြစ်မည့်အနေအထားတွင်ရှိသည်ဟု ကုလသမဂ္ဂက သတိပေးလိုက်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။ 

နယ်စပ်ဒေသများတွင် တင်းကျပ်မှုများစွာရှိနေသော်လည်း ဗင်နီဇွဲလားပြည်သူ ထောင်ပေါင်းများစွာသည် နိုင်ငံတွင်း ရင်ဆိုင်နေရသည့် စီးပွားရေးပြိုလဲမှုနှင့် အခြေခံလူသားအခွင့်အရေးပြဿနာများမှ လွတ်မြောက်နိုင်ရေးအတွက် နိုင်ငံစွန့်ခွာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။ 

ကုလသမဂ္ဂက အဆိုပါဖြစ်ရပ်သည် မြေထဲပင်လယ်ဒေသအတွင်း အကျပ်အတည်းကာလတစ်ခုဖြစ်ပေါ်မည့် အခြေအနေဖြစ်ကြောင်း သတိပေးသည်။ 

အိမ်နီးချင်းပီရူးနိုင်ငံသည် ဗင်နီဇွဲလားပြောင်းရွှေ့အခြေချသူ လေးသိန်းနီးပါးခန့်ကို လက်ခံထားသည်။ အများစုမှာ ယမန်နှစ်ကတည်းက ရောက်ရှိလာသူများဖြစ်သည်။ 

ယခင်က ယင်းသို့ဝင်ရောက်လာသူများကို မှတ်ပုံတင်ကတ်ပြားပါရှိရုံဖြင့် လက်ခံခဲ့သော်လည်း စနေနေ့တွင်မူ ပီရူး လူဝင်မှုကြီးကြပ်ရေးဌာနက နိုင်ငံကူး လက်မှတ် (ပတ်စ်ပို့) ပါ ရှိရန်လိုအပ်သည်ဟု ကြေညာလိုက်သည်။ 

လက်ရှိအနေအထားအထိ ပီရူးသို့ ဝင်ရောက်လာသော ဗင်နီဇွဲလားနိုင်ငံသားများ၏ ၈၀ ရာခိုင်နှုန်းမှာပတ်စ်ပို့ဖြင့် ဝင်ရောက်ပြီး ၂၀ ရာခိုင်နှုန်းခန့်သာ မှတ်ပုံတင်ဖြင့်ဝင်ရောက်ခြင်းဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ သတင်းအချက်အလက်များက ဆိုသည်။ 

ပီရူး၏ အဆိုပါလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းသစ်ကြောင့် ပတ်စ်ပို့မရှိသော ဗင်နီဇွဲလား ပြည်သူများမှာ အိမ်နီးချင်းအီကွေဒေါနိုင်ငံသို့ ဝင်ရောက်ကာ စောင့်ဆိုင်းရမည့်အခြေ အနေဖြစ်လာသည်ဟု သတင်းများက ဆိုသည်။ 

အီကွေဒေါ ပြည်ထဲရေးဝန်ကြီး မာရိုတိုကန်နီကပီရူးနယ်စပ်တွင် လူသားချင်း စာနာထောက်ထားသည့်အနေနှင့် ဂိတ်ပေါက်များ ဖွင့်ပေးမည်ဖြစ်သည်ဟု ကြေညာသည်။ 

ပီရူးနိုင်ငံသို့ ရွှေ့ပြောင်းအခြေချရန် ဦးတည်ထားသည့် ဗင်နီဇွဲလားပြည်သူ အများစုမှာ အီကွေဒေါနှင့် ကိုလံဘီယာ နိုင်ငံတို့၌ ပိတ်မိနေနိုင်သည့် အခြေအနေသို့ ရောက်ရှိနေသည်။ အီကွေဒေါနှင့် ကိုလံဘီယာနိုင်ငံတို့သည်လည်း ရွှေ့ပြောင်း အခြေချသူအများစု၏ ဝန်ထုပ်ဝန်ပိုးများကြောင့် ပြဿနာမဖြစ်အောင် အစွမ်းကုန် ကြိုးပမ်းနေရသည်။ 

ရွှေ့ပြောင်းအခြေချသူအချို့မှာ ပီရူးနှင့် အခြားနိုင်ငံများတွင် နေထိုင်သော မိသားစုများနှင့် ပူးပေါင်းရန် ကြိုးပမ်းလျက်ရှိသည်။ 

ပီရူးနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနမှ အကြီးတန်းအရာရှိက ကလေးငယ်များပါရှိသော မိဘများသည် ၎င်းတို့၏ မိသားစုဝင်များနှင့် ပေါင်းစည်းရန် ကြိုးပမ်းလျက်ရှိသည်ဟုဆိုသည်။ ကိုယ်ဝန်ဆောင်မိခင်များနှင့် နာမကျန်းဖြစ်နေသူများကို နိုင်ငံကူးလက်မှတ် ကင်းလွတ်ခွင့်ပြုမည်ဟု ၎င်းကဆိုသည်။ 

ပြီးခဲ့သည့် သီတင်းပတ်အတွင်း အီကွေဒေါနိုင်ငံကလည်း နိုင်ငံကူးလက်မှတ်လိုအပ်မည်ဖြစ်သည်ဟု ကြေညာခဲ့ရာ ရွှေ့ပြောင်းအခြေချသူအများစုမှာ လာရာလမ်းသို့ ပြန်လှည့်ခဲ့ကြရသည်။ 

ကိုလံဘီယာနိုင်ငံ လူဝင်မှုကြီးကြပ် ရေးဌာန ညွှန်ကြားရေးမှူးကမူ နယ်စပ်ဒေသလူဝင်မှုများ အစွမ်းကုန်တင်းကျပ်ခြင်းကြောင့် နောက်ဆက်တွဲပြဿနာများ ဖြစ်လာမည်ကိုလည်း စိုးရိမ်မိသည်ဟု ပြောကြားသွားသည်။

F-01