News

POST TYPE

POLITICAL

ရခိုင်အရေး ဆွေးနွေးပွဲ ရက်ရွှေ့မည်
25-Aug-2018 tagged as SNLD

ရန်ကုန်၊ ဩဂုတ် ၂၅

ဗဟန်းမြို့နယ် Melia ဟိုတယ်တွင်ပြုလုပ်ရန် စီစဉ်ထားသော ရခိုင်အရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတစ်ခုကို ခွင့်ပြုချက်ရရှိမှသာ ပွဲကျင်းပခွင့်ရှိမည်ဟု မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက လာရောက်သတိပေးခဲ့ပြီးနောက် အဆိုပါဆွေးနွေးပွဲကိုလည်း ရွှေ့ဆိုင်းလိုက်ရကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

မဟာပညာကျော် စကားဝိုင်းဟု အမည်ပေးထားသည့် အဆိုပါရခိုင်အရေး ဆွေးနွေးပွဲကို သဇင်လူမှုဖွံ့ ဖြိုးရေးအဖွဲ့ (TCDI) က စီစဉ်ခြင်းဖြစ်ပြီး ဩဂုတ်လ ၂၆ ရက်တွင် ပြုလုပ်ရန်စီစဉ်ထားခြင်းဖြစ်သည်။

ခွင့်ပြုချက်ရရှိမှသာ ပွဲကျင်းပခွင့်ရှိမည်ဟု ဗဟန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဩဂုတ်လ ၂၃ ရက်တွင် လာရောက်သတိပေးပြောကြားခဲ့ခြင်းဖြစ်ပြီး သတ်မှတ်ရက်အတွင်း ကျင်းပခွင့်ရရှိရေး ပြန်လည် ညှိနှိုင်းသော်လည်း အဆင်မပြေခဲ့သဖြင့် ဆွေးနွေးမည့်ရက်ကို ရွှေ့ဆိုင်းလိုက်ရကြောင်း ပွဲစီစဉ်သည့် သဇင်လူမှုဖွံ့ဖြိုးရေး အဖွဲ့ (TCDI) က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဆွေးနွေးပွဲ ပြန်လည် ကျင်းပခွင့်ရရန် လုပ်ထုံးလုပ်နည်းများဖြင့် ထပ်မံကြိုးစားသွားမည်ဖြစ်ပြီး ကျင်းပခွင့်ရမည့် ရက်ကို ကြေညာပေးသွားမည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ မဟာပညာကျော် စကားဝိုင်းတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဗဟိုကော်မတီဥက္ကဋ္ဌ ရဲဘော်သံခဲ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်နှင့် နိုင်ငံရေးနှင့်တိုင်းရင်းသားအရေး လေ့လာသူ ဦးမောင်မောင်စိုးတို့က ဆွေးနွေးသွားမည်ဟု ၎င်းတို့၏ အင်တာနက် စာမျက်နှာတွင် ကြေညာထားသည်။

ဟိုတယ်များတွင် စကားဝိုင်းဆွေးနွေးပွဲများ မကြာခဏ ပြုလုပ်လေ့ရှိကြပြီး ယင်းသို့ ခွင့်ပြုမိန့် လျှောက်ရမည်ကို မကြားဖူးခဲ့ကြောင်း ဆွေးနွေးပွဲတွင် ပါဝင်သည့် ဦးမောင်မောင်စိုးက ပြောကြားသည်။

“ရခိုင်အရေးလို့ပြောရအောင်လဲ ရခိုင်အရေးခေါင်းစဉ်တပ်ပြီး တခြားအဖွဲ့တွေလည်း Melia ဟိုတယ်မှာ ဆွေးနွေးနေကြတာပဲလေ။ အဲဒီလို ပွဲမိန့်လိုတယ် မကြားဖူးပါဘူး။ အခုတော့ ဘာကြောင့်လိုတယ်ဆိုတာ ကျွန်တော်တော့ အံ့ဩမိတာပေါ့”ဟု ၎င်းကဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဗဟန်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ဆက်သွယ်ခဲ့သော်လည်း ဖုန်းဖြေကြားခဲ့ခြင်းမရှိပေ။

J-08