News

POST TYPE

POLITICAL

ဒေါ်အောင်ဆန်းစုကြည်နှင့် ကျောင်းသားများ စကားဝိုင်းဆွေးနွေးမည်
ရန်ကုန်၊ ဩဂုတ် ၂၂

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့ရှိ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ဩဂုတ်လ ၂၈ ရက်တွင် ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ စာပေစကားဝိုင်း ဆွေးနွေးကြမည်ဖြစ်သည်။

ရန်ကုန်မြို့ရှိ တက္ကသိုလ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ ၂၀ ကျော်ပါဝင်ပြီး ထိုနေ့ နံနက်ပိုင်း ၁၀ နာရီခန့်မှ မွန်းလွဲ ၂ နာရီခန့်အထိ ဆွေးနွေးကြမည်ဖြစ်သည်။

ပါဝင်ဆွေးနွေးခွင့်ရမည့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ဂျပန်ဘာသာအထူးပြု တတိယနှစ်ကျောင်းသူ မမေရတနာဦးက “အဓိက စာပေစကားဝိုင်း ဆွေးနွေးကြမှာပါ။ စာဖတ်ရင် ဘယ်လို ပြောင်းလဲသွားတယ်ဆိုတာပေါ့” ဟု ပြောသည်။

ဖတ်ရှုထားသည့်စာအုပ်များထဲမှ အကြောင်းအရာနှင့် မိမိတို့ ပြောဆိုဆွေးနွေးလိုသည်တို့ ပေါင်းစပ်ပြောကြားရမည့် ပုံစံဖြစ်၍ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ပညာရေးအကြောင်းအရာများလည်း နှီးနွှယ်၍ ပါဝင်လာနိုင်ကြောင်း မမေရတနာဦးက ဆိုသည်။

စကားဝိုင်းတွင်ပါဝင်ရန် ကနဦးအဆင့် လူရွေးရန် တစ်ကျောင်းလျှင် ကျောင်းသားတစ်ဦး၊ ကျောင်းသူတစ်ဦး စေလွှတ်ရပြီး စေလွှတ်ခံရသူများကို ဘွဲ့နှင်းသဘင်ခန်းမတွင် လူတွေ့စစ်ဆေးပြီးရွေးချယ်ခြင်းဖြစ်ကြောင်း ကျောင်းသားများထံမှ သိရှိရသည်။

စကားဝိုင်းအကြောင်း ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်းကို ဩဂုတ် ၂၁ ရက်က သွားရောက်မေးမြန်းရာ အစည်းအဝေးလုပ်နေ၍ မေးခွင့်မရခဲ့ပေ။ သို့သော် ဘွဲ့နှင်းသဘင်ခန်းမအတွင်းပိုင်း သန့်ရှင်းရေးလုပ်နေပြီး ပြင်ဆင်နေသည်ကို တွေ့ခဲ့ရသည်။

ရန်ကုန်မြို့မှ ပါမောက္ခချုပ်တစ်ဦး က“မန္တလေး (တက္ကသိုလ်) မှာ စကားဝိုင်းလုပ်ပြီးတဲ့နောက် ရန်ကုန်မှာ ဆက်ပြီးလုပ်တယ်လို့ ယူဆရပါတယ်။ ဘာကြောင့် လုပ်တယ်ဆိုတာတော့ ကျွန်တော် အသေးစိတ်မသိပါဘူး” ဟု ပြောကြားသည်။

လူငယ်ဘက်စုံဖွံ့ ဖြိုးရေးပွဲတော် (မန္တလေး) ကို မန္တလေးတက္ကသိုလ်၌ ဩဂုတ် ၁၁ ရက်မှ ၁၃ ရက်အထိ ၃ ရက်ကြာ ကျင်းပခဲ့ပြီး ထိုပွဲတော်တွင် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ စာပေစကားဝိုင်း ဆွေးနွေးခဲ့သေးသည်။

သို့သော် ထိုပွဲတော်တွင် ဒေသတွင်း လူငယ်အဖွဲ့အစည်းများ စုံစုံလင်လင် ပါဝင်ခွင့်မပြုခဲ့သောကြောင့် လူငယ်အဖွဲ့အစည်း ၁၀ ဖွဲ့ကျော်က စီစဉ်သူများကို ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သေးသည်။

J-02