News

POST TYPE

POLITICAL

ရေးမြောက်ပိုင်းတွင် လျှပ်စစ်ဖြန့်ဖြူးသည့်ကုမ္ပဏီ၏ လျှပ်စစ်မီတာခဈေးနှုန်း အစိုးရသတ်မှတ်
22-Aug-2018
မော်လမြိုင်၊ ဩဂုတ် ၂၁

မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်းတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရောင်းချသည့် Southern Myanmar Development ကုမ္ပဏီ၏ လျှပ်စစ်မီတာခကို တစ်ယူနစ်လျှင် ၄၂၅ကျပ် ကောက်ခံရန် ပြည်နယ်အစိုးရက ဩဂုတ်လ ၂၀ရက်တွင် ခွင့်ပြုခဲ့သည်။ 

အဆိုပါ ကုမ္ပဏီက ယခင် လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ကျပ် ၄၂၅ ကျပ်အပြင် မီတာထိန်းသိမ်းခ ၅၀၀ ကျပ်၊ လမ်းမီတာခ ကောက်ခံမှုများပြားသဖြင့် ဒေသခံများက လက်မခံရာမှ ဇူလိုင်လတွင် ပြည်နယ်လွှတ်တော်သို့ တင်ပြခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြည်နယ်လွှတ်တော်က ကုမ္ပဏီနှင့် ဒေသခံများကို ညှိနှိုင်းပေးခဲ့ပြီးနောက် ပြည်နယ်အစိုးရက တစ်ယူနစ်လျှင် ၄၂၅ ကျပ် ကောက်ခံရန်၊ မီတာထိန်းသိမ်းခ ကိုဖျက်သိမ်းရန်နှင့် လမ်းမီး၏ မီတာခကို လျှပ်စစ်မီးသုံးစွဲမည့်သူများက အချိုးကျပေးဆောင်ရန် သတ်မှတ်ပေးခဲ့သည်။ 

“ကျွန်တော်တို့ တောင်းဆိုထားတာနဲ့ ပြည်နယ်အစိုးရက အတည်ပြုပြီး ညွှန်ကြားလာတာကတော့ ရေရှည်မှာ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး၊ မီတာထိန်းသိမ်းခကတော့ မကောက်တော့ဘူး၊ ဒါပေမဲ့ လမ်းမီးမှာကျတော့ အချိုးကျ ပေးဆောင်ရတာဆိုတော့ တချို့အိမ်တွေက မီးယူထားတယ်၊ ဒါပေမဲ့ လူကမရှိတော့ လမ်းမီးကို တစ်လတစ်လ သူတို့ပေးဆောင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”ဟု လမိုင်းမြို့မှ လျှပ်စစ်မီးကိစ္စနှင့် ပတ်သက်၍ လှုပ်ရှားနေသူ ကိုမင်းသိန်းထွန်းဦးက ပြောသည်။

လမ်းမီးအတွက် ကျသင့်ငွေကောက်ခံရာတွင် စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘုန်းကြီးကျောင်းများကို မကောက်ခံရန်ပါရှိသဖြင့် ကျေးရွာတွင်သုံးစွဲသူများက ပေးဆောင်ရမည့် သဘောဖြစ်ကြောင်း၊ သို့သော် ပြည်နယ်အစိုးရ၏ ညွှန်ကြားစာအရ လျှပ်စစ်မီတာခ ကောက်ခံရာတွင် မီးလင်းရေးကော်မတီနှင့် ညှိနှိုင်းပြီးမှ ကောက်ခံရန်ပါရှိသည့်အတွက် ကုမ္ပဏီမှ ညှိနှိုင်းမှု ရှိမရှိ စောင့်ကြည့်ရမည့် အနေအထားရှိကြောင်း ၎င်းက ရှင်းပြသည်။ 

“ဈေးနှုန်းကတော့ ပြည်နယ်က ဒီအတိုင်းချတော့ အဆင်မပြေလည်း လက်ခံရတာပေါ့၊ ဒါပေမဲ့ လမ်းမီးကတော့ အရင်အတိုင်း ပြန်ကောက်နေရင်တော့ အခက်အခဲတွေ ပြဿနာတွေတော့ ဖြစ်လာနိုင်ဦးမယ်”ဟု နှစ်ကရင် ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ပြောသည်။

လျှပ်စစ်မီတာခနှင့် မီတာဖြန့်ဖြူးရေးကိစ္စကို မွန်ပြည်နယ်အစိုးရ၏ ဩဂုတ်လ ၈ ရက်က ပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး၏ ဆုံးဖြတ်ချက်အတိုင်း ဓာတ်အားဖြန့်ဖြူးရေး ဆောင်ရွက်ရန် အဆိုပြုချက် ၆ ချက်နှင့်အတူ ထပ်မံဖြည့်စွက်သည့် အချက် ၁၂ ချက်တို့ကိုချမှတ်၍ အကြောင်းကြားစာပေးပို့ခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ယင်းညွှန်ကြားချက်ကို မွန်ပြည်နယ် အလတ်စားနှင့် အသေးစားပုဂ္ဂလိက လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးရေးဆိုင်ရာ လုပ်ငန်းများကြီးကြပ်မှုကော်မတီ၊ မွန်ပြည်နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ခရိုင်ရုံး၊ မြို့နယ်ရုံး အဆင့်ဆင့်တို့ကို ညွှန်ကြားထားသည်။



  • VIA