News

POST TYPE

POLITICAL

မိုင်ဂျာယန် ညီလာခံမှ အားလုံးပါဝင်ရေး ရလဒ်ကောင်းထွက်ရန် ငြိမ်းချမ်းရေးကော်မရှင် မျှော်လင့်ထား
25-Jul-2016

ရန်ကုန်၊ ဇူလိုင် ၂၄

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းအားလုံး ပါဝင်ပြီး ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ကျင်းပမည့် ညီလာခံမှ ၂၁ ရာစု ပင်လုံညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင် အားလုံး တက်ရောက်နိုင်မည့် ရလဒ်ကောင်း ထွက်ပေါ်လာရန် မျှော်လင့်ထားကြောင်း ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ကော်မရှင်က ကြေညာချက် ထုတ်ပြန်သည်။

မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေးတွင် လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်များ ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေး လုပ်ငန်းများတွင် ထပ်တိုးပါဝင်ရေးကို အောင်မြင်စွာ ဆွေးနွေးနိုင်ပြီး ၂၁ ရာစု ပင်လုံညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင် အားလုံး စုံညီစွာ တက်ရောက်နိုင်စေမည့် ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဟု မျှော်လင့်ကြောင်း ငြိမ်းချမ်းရေး ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ငြိမ်းချမ်းရေးကော်မရှင် အနေနှင့် မိုင်ဂျာယန်သို့ သွားရောက်မည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ သွားလာရေး အဆင်ပြေစေရေးအတွက် လိုအပ်သည့် အုပ်ချုပ်မှု အထောက်အပံ့များကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ငြိမ်းချမ်းရေး ကော်မရှင်က ထုတ်ပြန်သည်။

မိုင်ဂျာယန် ညီလာခံကို လာမည့် ဇူလိုင်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့ထိ သုံးရက်တာ ကျင်းပမည်ဖြစ်ပြီး နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာများ၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့် ပင်လုံစာချုပ် ကတိကဝတ်များ စသည့် ခေါင်းစဉ်လေးရပ်ဖြင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ယင်းလက်နက်ကိုင် အဖွဲ့များထံမှ သိရသည်။

အစည်းအဝေးတွင် လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့စီ၏ ခေါင်းဆောင်ကိုယ်စားလှယ် ငါးဦးကျစီ တက်ရောက်ခွင့်ပြုမည် ဖြစ်ပြီး လေ့လာသူ အနေနှင့် ငါးဦးနှင့် ရုံးအဖွဲ့ဝင် ငါးဦးစီ ပါဝင်သည့် အဖွဲ့ဝင် ၁၅ ဦးစီ တက်ရောက်ခွင့်ပြုမည်ဟု သတ်မှတ်ထားကြောင်း ညီလာခံ ကျင်းပရေး ကော်မတီထံမှ သိရသည်။

အဆိုပါ ညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့ကို တက်ရောက်ရန် ဖိတ်ကြားထားကြောင်း ညီလာခံ ကျင်းပရေး ကော်မတီမှ ဖဒိုစောကွယ်ထူးဝင်းက ဆိုသည်။
“အဓိကကတော့ လက်မှတ်မထိုးထားတဲ့ သူတွေလည်း ပါဝင်လာနိုင်ဖို့ကို ဆွေးနွေးဖို့ ရှိပါတယ်၊ တိုင်းရင်းသားအားလုံးရဲ့ ဘုံသဘောထား ရပ်တည်ချက်တွေ ထွက်ပေါ်လာပါမယ်” ဟု ၎င်းက ဆိုသည်။

ယင်းညီလာခံကို တက်ရောက်ရန် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ကို ဖိတ်ကြားထားသော်လည်း ယင်းအဖွဲ့အနေနှင့် တက်ရောက်ခြင်း ရှိမရှိကို မသိရှိရသေးကြောင်း ညီလာခံ ကျင်းပရေး ကော်မတီဝင်တစ်ဦး ဖြစ်သူ ခူဦးရယ်က ရန်ကုန်မြို့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

မိုင်ဂျာယန် ညီလာခံသည် အစိုးရသစ် လက်ထက်တွင် ပထမဦးဆုံးအကြိမ် ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် ညီလာခံတစ်ခု ဖြစ်လာမည် ဖြစ်သည်။

ယခင်အစိုးရ လက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင် ညီလာခံများအဖြစ် ၂၀၁၃ခုနှစ် အောက်တိုဘာတွင် လိုင်ဇာညီလာခံ၊ ၂၀၁၄ ဇန်နဝါရီလတွင် လော်ခီးလာ ညီလာခံ၊ ၂၀၁၅ မေလတွင် ပန်ဆန်း ညီလာခံတို့ကို ကျင်းပထားခဲ့သည်။