News

POST TYPE

POLITICAL

ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံသို့ ရောက်ရှိ
ရန်ကုန်၊ ဩဂုတ် ၁၉

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လေးရက် ကြာမြင့်မည့် စင်ကာပူနိုင်ငံ ခရီးစဉ်ကို ရောက်ရှိနေပြီဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်အရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူ သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်း၏ ဖိတ်ကြားချက်အရ စင်ကာပူနိုင်ငံသို့ အလုပ်သဘော ချစ်ကြည်ရေး ခရီးသွားရောက်ရန် နေပြည်တော်မှ ဩဂုတ်လ ၁၉ ရက် နံနက်ပိုင်းက ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြကြောင်း အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါအတိုင်ပင်ခံ၏ အဆိုပါခရီးစဉ်သည် သုံးညအိပ် လေးရက်ခရီးစဉ်ဖြစ်ပြီးဖြစ်ပြီး စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့်တွေ့ဆုံခြင်း Singapore Lecture အစီအစဉ်တွင် ဟောပြောပို့ချခြင်း အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ Singapore Lecture ဆွေးနွေးပွဲတွင် “Myanmar Democratic Transition, Challenges and Way Forward”ခေါင်းစဉ်ဖြင့် ဟောပြော ဆွေးနွေးမည်ဖြစ်ပြီး ဩဂုတ်လ ၂၁ရက် နေ့တွင် ဆွေးနွေးပွဲ ပြုလုပ်သွားမည်ဖြစ် ကြောင်း Singapore Lecture အစီအစဉ်က ထုတ်ပြန်ထားသည်။

အဆိုပါ Singapore Lecture အစီအစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ၄၃ ဦးမြောက် မိန့်ခွန်းပြောကြားသူ ဖြစ်လာမည်ဖြစ်ပြီး ပြီးခဲ့သည့် နောက်ဆုံးအကြိမ်က ကိုရီးယားသမ္မတ မွန်းဂျေအင်းက နောက်ဆုံး ပြောကြားထားသည်။

Singapore Lecture အစီအစဉ်တွင် နာမည်ကျော်ပုဂ္ဂိုလ်များ ဖြစ်ကြသည့် ဟင်နရီ ကစ်ဆင်ဂျား၊ အမေရိကန် သမ္မတဂျော့ဘုရှ်၊ တောင်အာဖရိကသမ္မတ နယ်ဆင်မန်ဒဲလ်လား၊ တရုတ်သမ္မတ ရှီကျင့်ဖျင်စသည့် ထိပ်သီးပုဂ္ဂိုလ်များ တက်ရောက် ဟောပြောခဲ့ကြသည်။

ဩဂုတ်လဆန်းပိုင်းက စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ခြင်းမရှိဘဲ အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက်ခဲ့သည်။

J-08