News

POST TYPE

POLITICAL

အွန်လိုင်းစနစ်ဖြင့် ကုမ္ပဏီအသစ်၊ အဟောင်း တစ်ထောင်ကျော် မှတ်ပုံတင်ထား
16-Aug-2018
ရန်ကုန်၊ ဩဂုတ် ၁၅

မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေအသစ်အရ ပြည်တွင်း ပြည်ပကုမ္ပဏီအသစ်၊ အဟောင်းများအားလုံးသည် အွန်လိုင်းစနစ်ဖြင့် ပြန်လည်မှတ်ပုံတင်ရမည်ဖြစ်ရာ ဩဂုတ်လ ၁ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့အထိ ကုမ္ပဏီပေါင်း တစ်ထောင်ကျော် မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

အွန်လိုင်းစနစ်ဖြင့် ကုမ္ပဏီများ ပြန်လည်မှတ်ပုံတင်ရသည့် ပထမဦးဆုံးရက် (ဩဂုတ်လ ၁ ရက်) တွင် မှတ်ပုံတင် လုပ်ငန်းဆောင်ရွက်ကြသော ကုမ္ပဏီအရေအတွက် အများအပြားရှိခဲ့မှုကြောင့် System ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်လုပ်ငန်းများကို ဩဂုတ်လ ၆ ရက်နေ့မှသာ ပြန်လည်လုပ်ဆောင်ခဲ့ရကြောင်း ယင်းဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။ 

“System Error တွေကို အခု အကုန်ဖြေရှင်းထားပြီးဖြစ်ပါတယ်။ အွန်လိုင်းစနစ်နဲ့ မှတ်ပုံတင်တာကို နာရီပိုင်းအတွင်း ပြီးစီးနိုင်နေပါပြီ” ဟု ၎င်းက ပြောဆိုသည်။

လက်ရှိအချိန်တွင် အွန်လိုင်းစနစ် ဖြင့် ပြည်တွင်းပြည်ပ ကုမ္ပဏီအသစ် ၄၂၀ ခုနှင့် ကုမ္ပဏီအဟောင်း ၈၄၂ ခု ကုမ္ပဏီစုစုပေါင်း ၁၂၆၂ ခုကို အွန်လိုင်းစနစ်ဖြင့် ကုမ္ပဏီမှတ်ပုံတင်ခြင်း လုပ်ငန်းများဆောင် ရွက်ထားပြီဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ 

ယခု အွန်လိုင်းစနစ်ဖြင့် ကုမ္ပဏီမှတ်ပုံတင်ခြင်းများ မလုပ်ဆောင်မီ၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာနတွင် ပြည်တွင်း ပြည်ပကုမ္ပဏီပေါင်း ခြောက်သောင်းခန့် ကုမ္ပဏီမှတ်ပုံတင်ထားကြောင်း အဆိုပါဌာနထံမှ သိရသည်။

J-01