News

POST TYPE

POLITICAL

ပုံနှိပ်မီဒီယာ ဆက်ရှင်သန်ရန် လေးပွင့်ဆိုင် တွေ့ရန်လိုဟု စကားဝိုင်းကသုံးသပ်

ရန်ကုန်၊ ဩဂုတ် ၁၅

မြန်မာနိုင်ငံအတွင်း တရားဝင် ဖြန့်ချိနေသော ပုဂ္ဂလိက ပုံနှိပ်မီဒီယာ ဆက်ရှင်သန်ရန် လက်ရှိအခြေအနေကို သိရှိစေရေး မီဒီယာသမားများ၊ အစိုးရ၊ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် လွှတ်တော်တို့ လေးပွင့်ဆိုင်တွေ့ရန် လိုအပ်ကြောင်း “ယိုင်နဲ့နေသော ပုဂ္ဂလိက ပုံနှိပ်မီဒီယာ စကားဝိုင်း”တွင် တက်ရောက်ဆွေးနွေးသူများက သုံးသပ်ကြသည်။

စကားဝိုင်းကို ဩဂုတ်လ ၁၅ ရက်က UMFCCI ၌ကျင်းပခဲ့ပြီး ဆွေးနွေးပွဲတွင် ဦးကိုကို (စက်မှုတက္ကသိုလ်)၊ The Voice ဂျာနယ်အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၊ Tomorrow အယ်ဒီတာ ဦးမာဂျေ၊ ဒေါက်တာသာထွန်းဦးနှင့် အစီအစဉ် ညှိနှိုင်းရေးမှူး ဦးဇော်သက်ထွေးတို့ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ပုဂ္ဂလိက မီဒီယာတွေ လျစ်လျူရှုခံနေရတယ်။ လုံးဝကို လှည့်မကြည့်ဘူး။ ကျွန်တော်တို့ကို နှုတ်နဲ့ စောင်မတာလည်း မရှိဘူး။ ဆွေးနွေးတာလည်း မရှိဘူး။ မီဒီယာတွေကို ဒီတိုင်း ထားမလား။ အဖြေရှာဖို့ လိုအပ်နေပြီ”ဟု ဦးဇော်သက်ထွေးကဆိုသည်။

ပုံနှိပ်မီဒီယာများ ကျဆင်းခြင်းမှာ ပုံမှန်မဟုတ်ဘဲ စိတ်ပူစရာကောင်းကြောင်း ဦးကိုကို(စက်မှုတက္ကသိုလ်) က ပြောကြားသည်။ 

ပြန်ကြားရေးဝန်ကြီးဌာန၏ ဧပြီလ ၂၅ ရက် နောက်ဆုံး ထုတ်ပြန်ချက်တွင် သတင်းစာ ၄၆ စောင် အစိုးရကခွင့်ပြုပေးခဲ့ပြီး လက်ရှိလည်ပတ်နေသည့် သတင်းစာ ၂၆ စောင်ရှိသည့်အနက် ပုဂ္ဂလိက သတင်းစာ ၇ စောင်သာရှိသည်။

အွန်လိုင်းမီဒီယာ ရိုက်ခတ်မှုကြောင့် ပုံနှိပ်မီဒီယာကျဆင်းရခြင်းဟု အစိုးရနှင့် ပြန်ကြားရေးဝန်ကြီးဌာနက ပြောဆိုနေခြင်းကို လက်မခံနိုင်ကြောင်း The Voice ဂျာနယ်မှ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောကြားသည်။

“ပုဂ္ဂလိက မီဒီယာတွေက ကိုယ့်ချွေးနှဲစာနဲ့ ရပ်တည်နေကြတယ်။ သတင်းစာတစ်စောင်ကို အစိုးရက ၅၀ နဲ့ဖြန့်တယ်။ အောက်ဈေးနဲ့ဖြန့်တာ ဈေးကွက်ကို လက်ဝါးကြီးအုပ်တာနဲ့ တူတယ်”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့်နှစ်က ယူနက်စကိုမှ သတင်းအပေါ် လူထုယုံကြည်မှု စစ်တမ်းကောက်ခဲ့ရာတွင် လူထုယုံကြည်မှု ပထမနေရာတွင် ပုံနှိပ်မီဒီယာကရရှိခဲ့ပြီး နောက်ဆုံးမှာ အွန်လိုင်းမီဒီယာဖြစ်ကြောင်း ၎င်းကပြောကြားသည်။

စတုတ္ထမဏ္ဍိုင် အားကောင်းခြင်း၊ မကောင်းခြင်းမှာ ပထမအချက်က မီဒီယာသမားများကိုယ်တိုင် စွမ်းဆောင်ရည်နှင့် အရည်အချင်းလိုအပ်ပြီး ခေတ်နှင့်လျော်ညီသော ပြည်သူလူထုသိချင်သည့် အချက်အလက်များ ရှေ့ဆောင်ခေါ် သွားနိုင်ရန် လိုအပ်ကြောင်းနှင့် အစိုးရမူဝါဒ၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး လွှတ်တော်တွင်းရှိနေသူများ၏ မီဒီယာပေါ်ထားသည့် သဘောထား လိုအပ်ကြောင်း အချက် (၂) ချက်ကို စကားဝိုင်းတွင် ၎င်းက ထောက်ပြ ပြောဆိုခဲ့သည်။ 

ပုံနှိပ်မီဒီယာ ဆက်လက်ရှင်သန်ရန် အခွန်ကိစ္စလျှော့ပေါ့ရန်၊ ကုန်သွယ်ခွန် လျှော့ချပေးရန်၊ ပုံနှိပ်မီဒီယာတွင် စက္ကူတင်သွင်းနေသည့်ဆိပ်ကမ်းခွန်၊ ပုံနှိပ်စက် အခွန်၊ မီဒီယာအခန်းကဏ္ဍကို ဒီမိုကရေစီ စံနှုန်းများနှင့်အညီ အဆင့်လိုက် ပြုပြင်ပြောင်းလဲရန် လွှတ်တော်က ဝိုင်းဝန်းကူညီပေးရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

J-18