News

POST TYPE

POLITICAL

ကွတ်ခိုင်တွင် တပ်မတော်နှင့် TNLA တိုက်ပွဲဖြစ်
15-Aug-2018

ရန်ကုန်၊ ဩဂုတ် ၁၄ 

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း တပ်မတော်နှင့် တအာင်းပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ကွတ်ခိုင်နှင့်တာမိုးညဲ တစ်ဝိုက်တွင် ဩဂုတ်လ ၁၃ ရက် ညပိုင်းတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ယင်းဒေသရှိ တောင်ကုန်းများတွင် TNLA တပ်စခန်း အချို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ကွတ်ခိုင်ဒေသခံ လွေးသူဇာက ပြောကြားသည်။

“တိုက်ပွဲက တော်တော်ပြင်းထန်တဲ့ ပုံရှိတယ် တစ်ညလုံးနီးပါး သေနတ်သံ အမြောက်သံတွေ မတိတ်တော့ဘူး။ တောင်ကုန်းတွေမှာ တပ်စခန်းတွေ ချထားတာတွေရှိတော့ အဲဒီဘက်တွေက ဖြစ်တာ”ဟု ၎င်းက ဆိုသည်။

တအာင်းပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) သတင်းနှင့် ပြန်ကြားရေးဌာနကလည်း ကွတ်ခိုင်မြို့နယ်အတွင်း ဩဂုတ်လ ၁၃ ရက် ညပိုင်းတွင် တပ်မတော်နှင့် ရင်ဆိုင်တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်းကို သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲသတင်းနှင့်ပတ်သက်၍ ကွတ်ခိုင်မြို့နယ် ရဲတပ်ဖွဲ့ရုံးထံ ဆက်သွယ်မေးမြန်းရာတွင် တိုက်ပွဲဖြစ်ပွားသည်ကို ကြားသိသော်လည်း မည်သည့်အဖွဲ့များ ဖြစ်ပွားနေခြင်းကို မသိရှိရကြောင်း တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။

ကွတ်ခိုင်မြို့နယ် ငေါ့ငါးကျေးရွာ၊ ငေါ့ငါးတောင်ထိပ် TNLA တပ်စခန်း ရှိရာသို့ တပ်မတော်ဘက်မှ လာရောက်တိုက်ခိုက်သဖြင့် ရင်ဆိုင်တိုက်ပွဲ တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲ၊ မန်ပုံတောင်အနီးတွင်လည်း နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း TNLA က ထုတ်ပြန်ခဲ့သည်။

ကွတ်ခိုင်ဒေသသည် ၂၀၁၅ ခုနှစ်က တပ်မတော် တပ်ရင်းဌာနချုပ်ကို TNLA က ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် ဒေသဖြစ် တပ်မတော်အနေနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များကို အကြမ်းဖက်အဖွဲ့အဖြစ် သုံးနှုန်းခဲ့သည်။ 

J-08