News

POST TYPE

POLITICAL

ဘားအံတွင် ရေထပ်တက်၍ ရေဘေးရှောင်သူတစ်ထောင်ကျော် ထပ်တိုး
14-Aug-2018
ဘားအံ၊ ဩဂုတ် ၁၄

ကရင်ပြည်နယ် ဘားအံမြို့ရှိ သံလွင်မြစ်ရေ ရေထပ်တက်လာသဖြင့် ဩဂုတ်လ ၁၄ ရက်တွင် ရေဘေးရှောင်သူဦးရေ တစ်ထောင်ကျော် ထပ်တိုးလာကြောင်း ကရင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။

ဩဂုတ် ၁၄ ရက်နေ့ နံနက်ပိုင်းက သံလွင်မြစ်ရေသည် ၂၈ စင်တီမီတာအထိ ထပ်မံမြင့်တက်လာပြီး အမှတ် ၁၊ ၂ နှင့် ၅ ရပ်ကွက်များမှ ရေဘေးရှောင်သူများ ၁၄၀၀ ကျော် ထပ်တိုးလာပြီး ရေဘေးကယ်ဆယ်ရေးစခန်း ၁ ခုထပ်မံတိုးလာကြောင်း ယင်းဌာနထံမှ သိရသည်။

“ခုထပ်ပြီး ကုန်းပေါ်ထပ်တက်လာသူတွေကို နီးစပ်ရာ ရေဘေးစခန်းတွေကို ပို့တယ်။ တချို့ကိုတော့ ထပ်ထည့်လို့ရတဲ့ ရေဘေးစခန်းတွေကိုပို့တယ်”ဟု ကရင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ယခုနှစ်ရေကြီးနစ်မြုပ်မှုတွင် ဘားအံမြို့ရှိ သံလွင်မြစ်၏ ဇူလိုင်လအတွင်းက စိုးရိမ်ရေမှတ်အထက် ၆ ပေကျော်သို့ ရောက်ရှိခဲ့ပြီး ပြီးခဲ့သည့်ရက်ပိုင်းက စိုးရိမ်ရေမှတ်အထက် ၂ ပေခန့် ပြန်လည်ကျဆင်းခဲ့ရာမှ ယခုအခါ စိုးရိမ်ရေမှတ် အထက် ၄ ပေကျော်သို့ပြန်လည်မြင့် တက်လာကြောင်း အဆိုပါဌာနထံမှ သိရသည်။

“ရေထပ်တိုးလို့ ရေဘေးရှောင် ထပ်တိုးလာတယ်။ အစ်ကိုတို့ရပ်ကွက်မှာ ပိတ်သိမ်းပြီးဖြစ်တဲ့ အ.ထ.က (၃) မိုးလုံ လေလုံအားကစားရုံစခန်းကို ပြန်ဖွင့်လိုက်ရတယ်။ ၂ ရက်အတွင်းစခန်းမှာ ထားပေးနိုင်တာထက် ရေဘေးရှောင်တွေ ပိုများလာလို့ တောင်တန်းသာသနာပြု ပရဟိတ ကျောင်းကိုပို့လိုက်ရတယ်။ အဲဒီဘုန်းတော်ကြီးကျောင်းရောက်တဲ့ အရေအတွက်က နည်းသေးလို့ ရေဘေးစခန်းလို့တော့ မသတ်မှတ်ရသေးဘူး။ သူတို့ကို ထ (၃) မိုးလုံလေလုံထဲမှာပဲ စာရင်းသွင်းထားတယ်”ဟု အမှတ် (၅) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်က ပြောကြားသည်။

ကရင်ပြည်နယ်တစ်ခုလုံးအနေနှင့် ဘားအံနှင့် လှိုင်းဘွဲ့မြို့နယ်များတွင်သာ ရေဘေးစခန်းများရှိပြီး လှိုင်းဘွဲ့မြို့နယ်တွင် ရေဘေးစခန်းသုံးခု၌ ရေဘေးရှောင်သူ တစ်ထောင်ကျော်၊ ဘားအံမြို့နယ်တွင် ရေဘေးစခန်း ၈ ခု၌ ရေဘေးရှောင်သူ ငါးထောင်ကျော်နေထိုင်နေကြောင်း ကရင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနထံမှ သိရသည်။

R-17