News

POST TYPE

POLITICAL

အရစ်ကျ ပညာရေးစနစ်
14-Aug-2018
လွန်ခဲ့တဲ့ဆယ်နှစ်လောက်က ဆင်းကတ်တစ်ကတ်ကို သိန်းနှစ်ဆယ်ပေးရတယ်။ အိမ်ဝယ်ရင် ကားဝယ်ရင် ပိုက်ဆံတွေ ဆာလာအိတ်ကြီးထဲထည့်ပြီး ဇင်ဘာဘွေမှာ ပေါင်မုန့်ဝယ်သလို အထုပ်နဲ့အထည်နဲ့ ငွေချေကြတယ်။ နိုင်ငံခြားမှာ ဆင်းကတ်တွေ အလကားတောင်ပေးတယ်ဆိုတာ ဟုတ်ပါ့မလား။ နိုင်ငံခြားမှာ အိမ်တို့ ကားတို့လိုချင်ရင် မင်းပိုက်ဆံရှိစရာမလိုဘူး ပုံမှန်ဝင်ငွေရတဲ့လုပ်ငန်းရှိရင် သွားယူလိုက်ရုံပဲ။ ဆယ်နှစ် အနှစ်နှစ်ဆယ် ပေးရတယ် ဟုတ်ပါ့မလား… ဘာလို့လဲဆိုတော့ ကိုယ်တွေနိုင်ငံမှာက အထုပ်နဲ့အထည်နဲ့ နင့်နေအောင် ပေးလိုက်ရတာကိုး။ 

ဒါပေမဲ့ ဆယ်နှစ်လောက်အကြာမှာတော့ ဒါတွေဟာ အိပ်မက်မဟုတ်တော့ပါဘူး။ နိုင်ငံခြားမှာ ဝယ်ရတာလောက် မလွယ်တာ အတိုးများသာတာ ရှိကောင်းရှိပါ့လိမ့်မယ်။ ဖုန်းဆင်းကတ်တွေ အလကားနီးနီး ရနေပါပြီ။ အိမ်တွေ ကားတွေ အရစ်ကျဝယ်လို့ရနေကြပါပြီ။ ဒါတွေဟာ ဘာကြောင့်လဲ အစိုးရပေါ်လစီ အပြောင်းလဲကြောင့်ပါပဲ။

တစ်လောက ကျန်းမာရေးဝန်ကြီးပြောသွားတဲ့ စကားကြောင့် ဆရာဝန်တွေကြားမှာ ရယ်ရမလား စိတ်ဆိုးရမလား။ ပြောစရာစကား တစ်ခုရသွားတာက တန်ဖိုးနည်းဆရာဝန်ပေါ့။ တစ်လငွေရှစ်ရာ ကျောင်းလခနဲ့ ဆေးကျောင်းတက်တယ်ပေါ့။ 

အဲဒီမှာ သဘောကျမိတာတစ်ခုက ဝန်ကြီးပြောစကားကို ပြန်ချေပထားတဲ့ ဆရာဝန်တစ်ယောက်ရေးထားတဲ့စာပါ။ အဲဒါကတော့ အင်္ဂလန်မှာ ဆေးကျောင်းတက်ရင် တစ်နှစ်ကို မြန်မာငွေ သိန်း ၁၈၀ လောက် ပေးရတယ်ဆိုပေမယ့် မတတ်နိုင်တဲ့ကျောင်းသားတွေအတွက် အစိုးရဆီကနေ အတိုးမဲ့ချေးငွေယူပြီး တက်လို့ရတဲ့အကြောင်းပါ။

ကျွန်တော်တို့ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ မောင်ထွန်းသူ ဘာသာပြန်တဲ့ ရဲတိုက်စာအုပ်ထဲက ဇာတ်ကောင်ဆရာဝန်လည်း အစိုးရအကြွေးနဲ့ ကျောင်းတက်ပြီး အလုပ်ရမှ အစိုးရကို ပြန်ဆပ်တာမျိုးပါ။

နိုင်ငံတစ်နိုင်ငံကို ပြုပြင်ပြောင်းလဲရေးလုပ်မယ်ဆိုရင်တော့ တိုင်းပြည်မှာ ပညာတတ်တွေရှိနေဖို့ လိုအပ်တယ်ဆိုတာကတော့ ငြင်းလို့မရနိုင်တဲ့ အမှန်တရားတစ်ခုပါပဲ။

ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ အတ္ထုပ္ပတ္တိစာအုပ် ၂ မှာ ရေးထားတာကတော့ ၁၉၈၅ ခုနှစ်လောက်က ဦးနေဝင်း တရုတ်ပြည်ကိုသွားတဲ့အခါ ဗိုလ်ချုပ်ခင်ညွှန့်က ထောက်လှမ်းရေးတာဝန်ခံတစ်ယောက်အနေနဲ့ လိုက်ပါခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမှာ ဦးနေဝင်းနဲ့ တိန့်ရှောင်ဖိန် တွေ့တဲ့အခါ သူတို့နိုင်ငံရဲ့ စီးပွားရေးတံခါးဖွင့်လိုက်တဲ့ မူဝါဒအကြောင်းကို ဦးနေဝင်းက မေးတယ်လို့ ဆိုပါတယ်။ 

တိန့်ရှောင်ဖိန်ဆိုတာ မော်စီတုန်းခေတ်အလွန်မှာ နိုင်ငံရဲ့ စီးပွားရေးကို တံခါးဖွင့်ဝါဒ ကျင့်သုံးပြီး ပြုပြင်ပြောင်းလှဲရေး လုပ်ခဲ့သူပါ။ ဒါကြောင့်လည်း ဆရာကျော်ဝင်းက ဟောပြောပွဲတစ်ခုမှာ တရုတ်ဟာ ကွန်မြူနစ်ခမောက်ဆောင်းထားတဲ့ အရင်းရှင်လို့ မှတ်ချက်ပြုတာ ကြားခဲ့ဖူးပါတယ်။

ဦးနေဝင်းမေးခွန်းကို တိန့်ရှောင်ဖိန်က ဘယ်လိုဖြေလဲဆိုတော့ ကျွန်တော်အနောက်နိုင်ငံကို ပညာတော်သင် တစ်သိန်းလွှတ်မယ်။ လွှတ်လည်း လွှတ်နေပါပြီ။ လွှတ်လိုက်တဲ့ ပညာတော်သင်ထဲက တချို့ကတော့ ပြန်လာကြမှာမဟုတ်ပါဘူး။ ကျွန်တော်ကတော့ အဲဒီထဲက တစ်ဝက်ပြန်လာမယ်ဆိုရင် အဲဒီပညာတော်သင် ငါးသောင်းနဲ့ တိုင်းပြည်ကို တည်ဆောက်မှာပါ။

အဲလိုတည်ဆောက်လို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာတဲ့အခါ ဟိုမှာကျန်ရစ်ခဲ့တဲ့ ငါးသောင်းဟာလည်း ကျွန်တော်တို့နိုင်ငံကို အလိုလိုပြန်လာကြမှာပါ။ ကျွန်တော်ကတော့ ဒီတိုင်းပဲ ယုံကြည်ပါတယ်လို့ ပြန်ဖြေခဲ့တယ်တဲ့။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက စာအုပ်လေးတစ်အုပ် ဖတ်ဖြစ်ပါတယ်။ စာအုပ်နာမည်က From The Streets to The Olympics တဲ့။

တောင်ကိုးရီးယားရဲ့ ဒီမိုကရေစီ တောင်းဆိုဆန္ဒပြပွဲကြောင့် တစ်နိုင်ငံလုံး အုံကြွမှုဖြစ်ပြီး စစ်အာရှင်အစိုးရ ပြုတ်ကျသွားခဲ့တဲ့ တော်လှန်ရေးအကြောင်းပါ။

မြန်မာပြည်နဲ့ခပ်ဆင်ဆင်ပါပဲ။ ၁၉၈၇ ခုနှစ်မှာ ဒီမိုကရေစီရေးလှုပ်ရှားမှုကြောင့် ကျောင်းသားတစ်ယောက် ကျဆုံးသွားခဲ့ပါတယ်။ သူ့ရဲ့ အသုဘအခမ်းအနားကို လူတွေသိန်းချီလိုက်ပို့ကြပြီး အဲဒီလူအင်အားနဲ့ ဒီမိုကရေစီတောင်းဆိုဆန္ဒပြပွဲပြီး ဖြစ်လာခဲ့တာပါ။

နောက်တော့ ဆန္ဒပြပွဲကို လူပေါင်း ၁ ဒသမ ၆ သန်းလောက် ပူးပေါင်းပါဝင်ခဲ့ပြီး စစ်အာဏာရှင်အစိုးရပြုတ်ကျပြီး တောင်ကိုးရီးယားဟာ ဒီမိုကရေစီနိုင်ငံဖြစ်လာခဲ့တာပါ။ ၁၉၈၈ ခုနှစ်အရောက်မှာတော့ ၂၄ ကြိမ် မြောက် အိုလံပစ်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ကိုးရီးယားဟာ အခုအချိန်ထိ ဒီမိုကရေစီနိုင်ငံ အဖြစ်နဲ့ နည်းပညာမှာရော စီးပွားရေးမှာပါ ကမ္ဘာရှေ့တန်းရောက်နေတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့တာပါ။ 

ကျွန်တော်တို့နိုင်ငံမှာလည်း ၁၉၈၈ မှာ လူထုဆန္ဒပြပွဲကြီးဖြစ်ပြီး တောင်ကိုးရီးယားလိုပဲ အာဏာရှင်အစိုးရ ပြုတ်ကျသွားခဲ့ပါတယ်။ ဒါပေမဲ့ ကိုရီးယားလို ဘာဖြစ်လို့ ဒီမိုကရေစီ မရခဲ့တာလဲ။

ကျွန်တော်တို့ရဲ့ ဗမာဘုရင် နောက်ဆုံးခေတ်ဖြစ်တဲ့ ကုန်းဘောင်ခေတ်နဲ့ ဂျပန်တွေရဲ့ မေဂျီခေတ်ကဟာ အတူတူပါပဲ။ ဂျပန်တွေ မေဂျီခေတ် ပြုပြင်ပြောင်းလဲရေးကို ဘယ်လိုလုပ်သလဲဆိုတော့ အမေရိကန်နဲ့ ဥရောပကို ပညာတော်သင် သုံးထောင်လွှတ်ခဲ့သလို ဥရောပက ကျောင်းဆရာ ထောင်ချီခေါ်ပြီး ဂျပန်ကို ပညာသင်ကြားပေးစေခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့နိုင်ငံက ကနောင်မင်းသားကြီးက လူဆယ်ဂဏန်းသာ ပညာတော်သင် လွှတ်နိုင်ခဲ့ပါတယ်။

ဒီတော့ မေဂျီခေတ် ပြုပြင်ပြောင်းလဲရေးမှာ ဂျပန်က တင့်ကားတွေ ခေတ်မီစစ်လက်နက်တွေဆောက်တဲ့အချိန် ကိုယ်တွေဆီမှာ ဒင်္ဂါးသွန်းစက်၊ ဖန်ချက်စက်၊ ဘီယာစက်လောက်နဲ့ပဲ ပြီးသွားခဲ့တာပါ။

စောစောကပြောသလို ၁၉၈၇ လူသန်းနဲ့ချီတဲ့ ဆန္ဒပြပွဲအပြီးမှာ တောင်ကိုးရီးယားဟာ ဒီမိုကရေစီနိုင်ငံဖြစ်သွားတယ်။ မြန်မာပြည်မှာတော့ ၈၈ ဆန္ဒပြပွဲအပြီးမှာ နောက်ထပ် အာဏာရှင်အသစ်အောက်ကို ထပ်ရောက်သွားတယ်။ 

၈၈ ကနေ ၂၀၁၈ ဆိုတော့ နှစ်သုံးဆယ်ကြာသွားပါပြီ တောင်ကိုရီးယားဟာ နှစ်ပေါင်းသုံးဆယ်အတွင်း ဒီမိုကရေစီနိုင်ငံအဖြစ်နဲ့ ကမ္ဘာ့ရှေ့တန်းရောက်နေပြီ။ မြန်မာပြည်မှာရော… ၂၀၁၅ ဟာ အရပ်သားအစိုးရလို့ ပြောမယ်ဆိုရင် နောင်ဆယ်နှစ်၊ အနှစ်နှစ်ဆယ်မှာ တောင်ကိုးရီးယားလို ကမ္ဘာရှေ့တန်းရောက်နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်မလား။

ကျွန်တော့်အမြင်ပြောရရင်တော့ ဒီပုံစံ ဒီပညာရေး စနစ်နဲ့ကတော့ နိုးပါပဲ။ ဘာဖြစ်လို့လဲ။ အခုရွေးကောက်ပွဲအပြီး အစိုးရသစ် တက်လာတယ်။ အစိုးရသစ်ဖွဲ့စည်းတဲ့အခါမှာ နိုင်ငံတကာမှာ ဘွဲ့ရလာတဲ့ ပညာတတ်နိုင်ငံတကာအတွေ့အကြုံရှိတဲ့လူတွေ ဘယ်နှယောက်တောင် ထည့်ပြီး ဖွဲ့နိုင်ခဲ့လဲ။ 

မရှိဘူးလေ။ ရှိမှမရှိတာကိုး မဟုတ်ဘူးလား။ ဒီတိုင်းဆက်သွားနေမယ်ဆိုရင်တော့ ၂၀၂၀ အစိုးရ၊ ၂၀၂၅ အစိုးရ၊ ၂၀၃၀ အစိုးရ ဒီလိုပဲ ဖြစ်နေမှာပါပဲ။

ဘာဖြစ်လို့လဲဆိုတော့ နှစ်ပေါင်းခြောက်ဆယ်လောက် နိုင်ငံတကာ ပညာရေးနဲ့ ခါးဆက်ပြတ်နေတဲ့ ကျွန်တော်တို့နိုင်ငံမှာ ပညာတတ်တွေဟာ တော်တော်လေးရှားပါးလာခဲ့ပါတယ်။ အနားယူသွားတဲ့ ဝန်ကြီးဟောင်းပဲကြည့်။ ဒေါက်တာဘွဲ့ဆိုတာနဲ့ တန်းပြီး ဝန်ကြီးပေးလိုက်ရတာမျိုး။ အဲလိုမျိုးကို လူက ရှားသွားတာပါ။

နောက်ဆုံး ဝန်ကြီးအဆင့်လောက် ပညာတတ်ရုံနဲ့မရသေးပါဘူး။ ဝန်ကြီးကအဆုံး အောက်ခြေဝန်ထမ်းအပါအဝင် အရပ်သားတွေပါ သက်ဆိုင်ရာနယ်ပယ်လိုက် ကိုယ်လုပ်တဲ့အလုပ်ကို ကျွမ်းကျင်အောင် တတ်မြောက်နေမှာ ဖြစ်မှာပါ။

ပြီးခဲ့တဲ့အစိုးရလက်ထက်မှာတော့ သမ္မတကြီးရဲ့ ပညာတော်သင်ဆုဆိုပြီး လုပ်လိုက်ပါသေးတယ်။ ဘယ်နှယောက်လောက် လွှတ်လိုက်လဲဆိုတာတော့ သေချာတော့မသိလိုက်ပါဘူး။ ဒါပေမဲ့ အခုအစိုးရခေတ်မှာတော့ အစုလိုက်အပြုံလိုက် ပညာတော်သင်လွှတ်ဖို့ကိစ္စ ဆွေးနွေးတာလည်း မကြားမိသလို ပြောသံဆိုသံလည်း မကြားမိသေးပါဘူး။

ဒီတိုင်းသာဆိုရင်တော့ ပညာတတ်မရှိလို့ တိုင်းပြည် နိမ့်၊ တိုင်းပြည်နိမ့်လို့ ပညာတတ်မရှိ၊ အဲလိုနဲ့ လုံးလည်ချာလည် ရိုက်နေဦးမှာပါ။

အစိုးရအနေနဲ့ ဘတ်ဂျက်မရှိလို့ ပညာတော်သင်မလွှတ်နိုင်သေးသည့်တိုင် ပုဂ္ဂလိကဘဏ်တွေနဲ့ ပူးပေါင်းပြီ အိမ်တွေ၊ ကားတွေ အရစ်ကျဝယ်ခွင့်ရသလို ထူးချွန်ပေမယ့် နိုင်ငံခြားမှာ ပညာသွားသင်ဖို့ ငွေမရှိတဲ့ လူငယ်တွေကို အတိုးနည်းနည်း ငွေချေးပြီး ပညာတော်သင်လွှတ်ပေးသင့်ပါတယ်။

တိန့်ရှောင်ဖိန်ပြောသလို သိန်းချီလွှတ်နိုင်မှ သောင်းချီပြန်လာမှာ ဖြစ်တဲ့အတွက် တစ်နှစ်တစ်နှစ်ကို ထောင်ချီပြီး ပညာသင်သွားနိုင်မှသာ အနာဂတ်မြန်မာက ဖွံ့ဖြိုးတိုးတက်လာမှာပါ။

မဟုတ်ရင်တော့ ပညာမတတ်သူတွေရဲ့လက်ထဲ အိမ်တိုင်ချွတ်ရောင်းသလို သယံဇာတ ထုတ်ရောင်းနေရုံနဲ့ တိုင်းပြည်ဟာ ဒုံရင်းဒုံရင်း ဖြစ်နေဦးမှာပါ။

စိုးဇေယျထွန်း