News

POST TYPE

POLITICAL

မန္တလေးဧည့်လမ်းညွှန်အသင်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပ
13-Aug-2018

မန္တလေး၊ ဩဂုတ် ၁၂

အမှုဆောင်အများစု နုတ်ထွက်သွားသောကြောင့် မန္တလေးဧည့်လမ်းညွှန်အသင်း ၂၀၁၇-၂၀၁၈ ခုနှစ်အတွက် အမှုဆောင်သစ်များ ပြန်လည်ရွေးချယ်သည့် ရွေးကောက်ပွဲကို ဩဂုတ်လ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သည်။

ပြီးခဲ့သောလက ကျင်းပခဲ့သည့် မန္တလေးဧည့်လမ်းညွှန်အသင်း၏ နှစ်ပတ်လည်စုံညီပွဲတွင် ၂ နှစ်သက်တမ်းအတွက် ရွေးချယ်ခံရသူ အမှုဆောင်အများစုက နုတ်ထွက်သွားသည့်အတွက် အသင်းဖွဲ့ စည်းပုံပျက်သွားသောကြောင့် ပြန်လည်ရွေးချယ်ရခြင်းဖြစ်ကြောင်း ယင်းအသင်း၏နာယက ဦးရဲမြတ်ထွေးက ပြောကြားသည်။

“အသင်းမှာ အမှုဆောင်အချင်းချင်း ချိတ်ဆက်မှုအားနည်းလို့ ထွက်သွားကြတယ်လို့ထင်တယ်။ ပုံမှန်မဟုတ်တဲ့ ရွေးကောက်ပွဲ ဖြစ်သွားတယ်”ဟု ၎င်းက ရှင်းပြသည်။

မန္တလေးဧည့်လမ်းညွှန်အသင်းတွင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးအပါအဝင် အမှုဆောင် ၁၇ ဦးရှိသည့်အနက် ၁၄ ဦး နုတ်ထွက်သွားသည့်အတွက် ကြားဖြတ်ရွေးကောက်ပွဲ ပြန်လည်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ -၂၀၂၀ သက်တမ်းအတွက်ပါ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဦးရဲမြတ်ထွေးက ထပ်မံပြောကြားသည်။

ယခုရွေးကောက်ပွဲတွင် ရွေးချယ်ခံရသူသည် ပွင့်လင်းမြင်သာစွာရွေးချယ်ခံ ရသူများဖြစ်သည့်အတွက် အားရကျေနပ်မှုရှိကြောင်း အသင်းသားတစ်ဦးဖြစ်သူ ဦးရဲနိုင်ထွန်းက ပြောဆိုသည်။

မန္တလေးဧည့်လမ်းညွှန်အသင်းကို ၂၀၁၁ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ပြီး အသင်းဝင် ၃၇၀ ခန့်ရှိကြောင်း ယင်းအသင်းသားများထံမှ သိရသည်။

မန္တလေးဧည့်လမ်းညွှန်အသင်း၏ လက်ကျန်သက်တမ်းနှင့် နောက်ထပ် ၂ နှစ် သက်တမ်းအတွက် အမှုဆောင်များ ပြန်လည်ရွေးချယ်ပွဲကို မန္တလေးမြို့ မဟာချိုင်စားသောက်ဆိုင်၌ ဩဂုတ်လ ၁၂ ရက်နေ့က ကျင်းပခဲ့ရာတွင် အသင်းဥက္ကဋ္ဌအဖြစ် ဦးဝင်းဇော်ဦး အရွေးချယ်ခံခဲ့ရသည်။  

M-08