News

POST TYPE

POLITICAL

ကရင့်အာဇာနည်နေ့ ဘားအံတွင်ကျင်းပ
12-Aug-2018


ဘားအံ၊ သြဂုတ် ၁၂

၆၈ ကြိမ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ဘားအံမြို့ သုမေဓါရာမ ကြားတောရကျောင်းတွင် ယနေ့ကျင်းပခဲ့သည်။ ယခင်က ကေအန်ယူထိန်းချုပ်နေမြေ၌သာ ကျင်းပခဲ့သည်။ အစိုးရသစ်လက်ထက်မှ မြို့ကြီးများပေါ်တွင် ကျင်းပခွင့်ရပြီး ယခုဘားအံတွင်ကျင်းပခြင်းသည် တတိယအကြိမ်ဖြစ်သည်။

လက်ရှိအချိန်တွင် ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူအနေနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တွင် ပါဝင်သဘောတူထားပြီး ကရင်တိုင်းရင်းသားများသည်လည်း ငြိမ်းချမ်းရေးအတွက် ပူးပေါင်းပါဝင်ကြရန် ယင်းအစည်းအရုံးဥက္ကဋ္ဌ မူတူဆေးဖိုးက ယင်းအခမ်းအနားသို့ သဝဏ်လွှာပေးပို့ တိုက်တွန်းခဲ့သည်။

ကရင့်ခေါင်းဆောင် စောဘဦးကြီးကျဆုံးခဲ့သည့် သြဂုတ် ၁၂ ရက်ကို အစွဲပြု၍ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံးက အာဇာနည်နေ့အဖြစ် သဘောတူသတ်မှတ်ခဲ့ကြသည်။ သူနှင့်အတူ မန်းဘဇန်၊ စောဟန်တာသာမွှေး၊ ဗိုလ်ချုပ်စံကေ၊ စောအောင်ဝင်း၊ စကောမောလေးတို့လည်း ထိုနေ့တွင် ကျဆုံးခဲ့သည်။

စောဘဦးကြီးသည် ၁၉၀၅ ခုနှစ်တွင် ပုသိမ်မြို့နယ်၌ မွေးဖွားခဲ့ပြီး လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း၊ မန်းဘခိုင်တို့နှင့်အတူ ကြိုးပမ်းခဲ့သေးသည်။ ထို့နောက် ၁၉၄၇ ခုနှစ်တွင် ကရင်အမျိုးသားတာဝန်အတွက် လက်နက်ကိုင်တော်လှန်ခဲ့သည်။ ၁၉၅၀ခုနှစ်၊ သြဂုတ် ၁၂ ရက်တွင် ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုးရွာအနီးတွင် ကျဆုံးခဲ့သည်။

ကရင်တိုင်းရင်းသားများအနေနှင့် လက်နက်ချအညံ့ခံခြင်း မပြုရ၊ ကရင့်လက်နက် ကရင့်လက်ထဲတွင် ရှိရမည်၊ ကရင်ပြည်အသိအမှတ်ပြုခြင်းနှင့် ပြည့်စုံရမည်၊ ကရင့်ကံကြမ္မာ ကရင်ဖန်တီးခွင့်ရှိသည်ဆိုသော စောဘဦးကြီး၏ မူလေးချက်မှာ ထင်ရှားသည်။ 

R-17


  • VIA