News

POST TYPE

POLITICAL

NLD အစိုးရလက်ကျန် သက်တမ်းမှာ ပြဋ္ဌာန်းချိန်တန်လာသော R2R LAW
11-Aug-2018

NLD အဖွဲ့ချုပ် တိုင်စာဌာနသို့ရောက်ရှိနေသည့် တိုင်စာပေါင်း ၅၀၀ နီးပါးရှိသည်။ ထိုအထဲတွင် လွှတ်တော်ကိုယ်စားလှယ် ၄၀ ဦးခန့်နှင့်ပတ်သက်သည့် တိုင်ကြားချက်များပါဝင်ပြီး ထိုကိုယ်စားလှယ်များကို အရေးယူထားကြောင်း RFA သတင်းတွင်ဖတ်ရသည်။ သူတို့ဖြစ်ခဲ့ကြသည့်အမှုများမှာ ဆက်ဆံရေးမောက်မာမှုကြောင့် ဖြစ်သည်ဟုဆိုသည်။ ထိုအခါ ၎င်းတို့မည်သည့်အတွက် ဤသို့ဖြစ်ကြရသည်ကို စဉ်းစားမရဖြစ်ခဲ့ရသည်။ အမှန်ဆိုလျှင် ၎င်းတို့ကိုရွေးချယ်မဲပေးထားခဲ့သူ၊ ၎င်းကို သူတို့ကိုယ်စား ကိုယ်စားလှယ်လွှဲအပ်ထားသူ မဲဆန္ဒရှင်ပြည်သူတို့အပေါ် ၎င်းကပင်ပြန်ပြီး ရိုသေညွတ်တွားခယပြောဆို လုပ်ကိုင်ပြ၊ စည်းရုံးသမှုပြု ရမည့်အစား ယခုတော့ ထိုသို့မဟုတ်။ ပြောင်းပြန်ဖြစ်လို့နေသည်။ ကြားရသည့်သတင်းက နားမချမ်းမြေ့စရာ။ ထိုအခါ ဥပဒေရှုထောင့်က စဉ်းစားမိလာသည်မှာ ၎င်းကိုယ်စားလှယ်များ တာဝန်ထမ်းဆောင်စဉ် တာဝန်မကျေမှုနှင့် ယခုကဲ့သို့သော ဖြစ်စဉ်ဖြစ်ရပ်များအတွက် ၎င်းတို့ကို ပြန်လည်ထိန်းကျောင်းနိုင်မည့် ဥပဒေများ မရှိလို့လား၊ သို့တည်းမဟုတ် ရှိသည့်ဥပဒေကပင် ၎င်းတို့အပေါ် အာဏာမသက်ရောက်လို့လား စသဖြင့် အမျိုးမျိုးတွေးမိလာသည်။ အမှန်ဆိုလျှင် ၎င်းတို့အတွက် ပြန်လည်ထိန်းကျောင်းထားသည့် ဥပဒေပြဋ္ဌာန်းချက် နှစ်ခုရှိသည်။ တစ်ခုမှာ ယခုလက်ရှိ လွှတ်တော်များနှင့် ကိုယ်စားလှယ်များ ကိုင်တွယ်ကျင့်သုံးနေကြသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကြီးထဲတွင် ပါဝင်သည့် ၎င်းတို့အတွက် အထူးပြု၍ ပြဋ္ဌာန်းထားသည့် ပုဒ်မ ၃၉၆ နှင့် ပုဒ်မ ၃၉၇ တို့ဖြစ်သည်။ နောက်တစ်ခုမှာမူ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများပါ ၎င်းတို့ လိုက်နာကျင့်သုံးရမည့်တာဝန်နှင့် ဝတ္တရာများဆိုင်ရာ ပြဋ္ဌာန်းချက်ဖြစ်သည်။ ထိုနှစ်ခုအနက်မှ ပထမတစ်ခုအကြောင်းကိုပင် အထူးပြုပြီး လေ့လာကြည့်သည့်အခါ ပါတီစုံ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော် ကျင့်သုံးလာသည်မှာ ယခု ၇ နှစ်ခွဲ ပင်တိုင်ခဲ့သော်ငြား ထိုဖွဲ့စည်းပုံအခြေခံဥပဒေကြီးအထဲမှ ပုဒ်မ ၃၉၆ ပါ ပြဋ္ဌာန်းချက်မှာမူ ယနေ့အထိ အသက်မဝင်သေးသလို ပုဒ်မ ၃၉၇ ပါတာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းရမည်ဟူသည့် ကိစ္စမှာလည်း လိပ်ခဲတည်းလည်းပင် ဖြစ်လို့နေသေးသည်။ ထိုကိစ္စမှာမူ ယခင်ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက လွှတ်တော်အတွင်းတွင် အဆိုပါဥပဒေပြဋ္ဌာန်းရေးကိစ္စနှင့်ပတ်သက်ပြီး ဆူညံဆူညံအသံကြားလိုက်သေးသည်။ သို့သော် တီးကားတီး၏ မမြည်ဆိုသလို အဓိကကိုင်တွယ်ကျင့် သုံးရမည့် ဒိုင်လူကြီးဖြစ်သူ ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကို တွန်းကားတွန်းသော်လည်း မရွေ့ဖြစ်ခဲ့ရသည်။

ကိုယ်စားလှယ်များကို စတင်ရွေးချယ်ပေး၊ ခန့်အပ်ပေးခဲ့သည့် ကော်မရှင်၏ လုပ်ငန်းတာဝန်များတွင် အဓိကတစ်ချက် ပြန်လည်ထိန်းကျောင်းရမည့် ထိုတာဝန်မှ ရုပ်သိမ်းခြင်းနှင့်သက်ဆိုင်သည့် ဥပဒေပြဋ္ဌာန်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေက ပုဒ်မတစ်ခုနှင့် သတ်သတ်မှတ်မှတ် တာဝန်ပေးခဲ့သည့်အတွက် ကော်မရှင်အနေဖြင့် ၂၀၁၂ တွင် တစ်ကြိမ်၊၂၀၁၅ တွင် တစ်ကြိမ် နှစ်ကြိမ်တိုင်တိုင် လွှတ်တော်သို့ ဥပဒေပြဋ္ဌာန်းပေးရန် ဥပဒေကြမ်းကို ပူးတွဲပြီးတင်ပြခဲ့သော်လည်း လွှတ်တော်အတွင်း ဆွေးနွေးကြပြီးချိန်တွင်မှာတော့ မရှုမလှကျဆုံးခဲ့ရချည်းသာဖြစ်သည်။ သို့တစေ ထိုကိစ္စမှာ ယခင်အစိုးရကာလက ဖြစ်ပျက်ခဲ့သည်ဆိုစေဦးတော့၊ ယခုဒီမိုကရေစီအစိုးရ၊ ပြည်သူ့အစိုးရ မိုးပြိုကမ်းပြိုဖြစ်လောက်အောင် ပြည်သူက ရွေးကောက်ထားသည့် အစိုးရလက်ထက်တွင်မှာတော့ အကောင်အထည်ပေါ်လာတော့မဟဲ့လို့ ပြည်သူတွေက အားခဲထားသော်ငြား ယခု NLD အစိုးရ၏ ဥပဒေပြုရေးမဏ္ဍိုင်ကြီး သက်တမ်းတစ်ဝက်ကျိုးလာသည့် အချိန်အထိတော့ ထိုဥပဒေအကြောင်း မကြားခဲ့ရသေးချေ။ ကိုယ်စားလှယ်များကို ပြန်လည်ထိန်းကျောင်းမည့် ထိုဥပဒေကြီးမပေါ်ပေါက် မရှိသေးသည့်အတွက်လည်း ယခုလို ကိုယ်စားလှယ်ပေါင်း ၄၀ ကျော်ကို ၎င်းတို့မဲဆန္ဒရှင်များက ပြန်လည်တိုင်ကြားခဲ့ကြသည်အထိ ဖြစ်နေကြသည်လား စဉ်းစားစရာဖြစ်လာသည်။ ယခင်နှစ်ကာလဆီကလည်း ကိုယ်စားလှယ်များနှင့်ပတ်သက်သည့် သတင်းများစွာ ကြားခဲ့ရသေးသည်။

သို့သော် ယခုလို ဒီမိုကရေစီအစိုးရလက်ထက်ကာလ ပြီးဆုံးချိန် မတိုင်တွင်မှာတော့ ဒီ R2R Law (Right to Recall Law) လွှတ်တော်ကိုယ်စားလှယ်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေတစ်ရပ်ကိုတော့ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ပုဒ်မ ၃၉၇ ကိုလိုက်နာပြီး ပြဋ္ဌာန်းကြတော့မည်ဟု ယုံကြည်မိခဲ့ကြခြင်းဖြစ်သည်။ သို့အတွက် မဲဆန္ဒရှင် ပြည်သူများက ၎င်းတို့ကိုယ်တိုင် မဲပေးရွေးချယ်ပေးခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အကျင့်သိက္ခာပျက်ပြားခဲ့ပါက ၎င်းအပေါ် ပြန်လည်ထိန်းကျောင်းသမှုပြုမည့် အခွင့်အရေးများပြန်မရ၊ ထို့အတွက် သူတို့က ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) ပါ နိုင်ငံသားတစ်ယောက်ရပိုင်ခွင့်ရှိသည့် မူလအခွင့်အရေးများ ဆုံးရှုံးနေသလိုဖြစ်ရသည်ဟု ပြောဆိုလာကြတော့သည်မှာ တစ်ဖက်ကကြည့်လျှင် တရားနည်းလမ်းကျပြန်သည်။

အမှန်ဆိုလျှင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနှင့် နိုင်ငံတော် ကျေးဇူးသစ္စာကို ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းတစ်ခုကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ ကိုယ်စားလှယ်တစ်ဦး၏ အရည်အချင်းပျက်ယွင်းခြင်းနှင့် ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာ မထမ်းဆောင်ခြင်းများရှိလာပါက ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်။ ထိုအခါ မဲဆန္ဒရှင်ပြည်သူ အနည်းဆုံး ၁ ရာခိုင်နှုန်းက ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်။ ကော်မရှင်ကလည်း ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးရမည်။ စုံစမ်းစစ်ဆေးသည့်အခါ ကိုယ်စားလှယ်ကိုလည်း ချေပခွင့်ပေးရမည်။ ကော်မရှင်က အဆိုပါကိုယ်စားလှယ်ကို ဆက်လက်တာဝန်မထမ်းဆောင်သင့်ဟု ဆုံးဖြတ်ပါက ဥပဒေနှင့်အညီဆောင်ရွက်ရမည်။ သို့အတွက် ဥပဒေတစ်ရပ်ပြဋ္ဌာန်းပေးရမည်။ ဆိုသည်မှာ မည်သူတစ်ဦးတစ်ယောက်၊ ပြည်သူတစ်စုံတစ်ရာ၊ အတိုက်အခံပါတီ အစုအဖွဲ့တစ်ခုက တောင်းဆိုတင်ပြထားခြင်းလည်း မဟုတ်ပေ။ ဤစာပိုဒ်ကြီးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးထဲတွင်သာ ပြဋ္ဌာန်းထားခဲ့၍ အချို့သောမဲဆန္ဒရှင်ပြည်သူများကလည်း ထိုအတိုင်းလေးပင် ဥပဒေပြုရေးမဏ္ဍိုင်ကြီးနှင့် ကော်မရှင်ကြီးကို ဆောင်ရွက်ကြရန် လိုလားနေကြခြင်းပင် ဖြစ်တန်ရာသည်။ ၎င်းတို့အနေနှင့် အပိုပြောဆို တောင်းဆိုနေကြခြင်းလည်း မဟုတ်ပေ။

တစ်ဖန် ရွေးကောက်ပွဲကော်မရှင်ကြီးဘက်က ပြန်ကြည့်လျှင်လည်း သူရွေးချယ်ပေးခဲ့သည့် ကိုယ်စားလှယ်တစ်ဦးကိုပင် သူကိုယ်တိုင်က ပြန်လည်ထိန်းကျောင်းရန်ရှိပါက အသေးစိတ်လုပ်နည်းလုပ်ဟန်များ ပါဝင်သည့် ဥပဒေတစ်ရပ်မရှိသဖြင့်လည်း အခက်ဖြစ်ရပြန်သည်။ သူကိုင်တွယ် ကျင့်သုံးရမည့် ကော်မရှင်ဥပဒေပုဒ်မ ၁၀ (ည) တွင် ပါဝင်သည့် ပြဋ္ဌာန်းချက်ကပင်သည်လျှင် ယခင်ရှေးဦးမဆွ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးထဲက ပုဒ်မ ၃၉၆ နှင့် ၃၉၇ ကို ပြန်လည်ရည်ညွှန်းထားပြန်သဖြင့် အမှန်တကယ်သာ (ဥပမာအနေနှင့် ယခုတိုင်စာများတက်လာသည့် ကိုယ်စားလှယ်များကို) ကော်မရှင်ဘက်က စုံစမ်းစစ်ဆေးပြီး အမှန်ပေါ်ပေါက်ခဲ့ပါက မည်ကဲ့သို့ ဆက်လက်အရေးယူရမည်၊ မည်သည့်ဥပဒေဖြင့် ချိတ်ဆက်ဆောင်ရွက်ရမည်ဟူသည့်ကိစ္စက သူ့အတွက် အရေးတကြီးလိုအပ်လာမည်။

ဥပဒေရှုထောင့်နှင့်အတူ မြေပြင်တွင် ယခုဖြစ်ပေါ်နေသည့် အမှန်ဖြစ်စဉ်များကို ချိန်ထိုးကြည့်လျှင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ပြဋ္ဌာန်းခဲ့သည့် ၁ ရာခိုင်နှုန်းထက်ပင်မက မဲဆန္ဒရှင်များက တိုင်တန်းသည့် လူဦးရေများသည်ဟူသည့် သတင်းများလည်း ကြားနေရသည်။ သို့ဖြစ်လင့်ကစားတစ်ဖက်က ဥပဒေပြုရေးအာဏာ အမြင့်ဆုံးရရှိထားသည့် ပြည်ထောင်စု လွှတ်တော်ကြီးဘက်ကရော မည်သည့်အခက်အခဲများရှိ၍ မပြဋ္ဌာန်းနိုင် ဖြစ်ကြရသလဲဟူသည့် မေးခွန်းသည်လည်း နိုင်ငံ့အရေး စိတ်ဝင်စားကြသူ လူထုအကြား မေးစရာဖြစ်လာခဲ့ပြန်သည်။ ထိုအကြောင်းကို တစေ့တစောင်း ပြန်လေ့လာကြည့်သည့်အခါ လွန်ခဲ့သည့်အစိုးရသက်တမ်းကုန်ခါနီးအချိန် ၂၀၁၅ ခုနှစ် ဩဂုတ်လအတွင်းက နောက်ဆုံး ပြည်ထောင်စုလွှတ်တော်အတွင်း လွှတ်တော်နှစ်ရပ်မှ သဘောကွဲလွဲသည့်အချက်များကို တင်သွင်းဆွေးနွေးကြရင်း နောက်ဆုံးတွင်တော့ အဆိုပါဥပဒေကြမ်းကို အတည်ပြုနိုင်ရေး ဆက်လက်ဆောင်ရွက်ရန် သင့် မသင့် မဲခွဲဆုံးဖြတ်ခဲ့ရာ အဆိုကို ထောက်ခံမဲများရာက ဆိုင်းငံ့ထားမည့်ဘက်ကို အလေးသာသွားခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

ဤဥပဒေဖြစ်ပေါ်လာရေးအပေါ် အခြားနိုင်ငံများ၏ဖြစ်စဉ်များနှင့် ပါချိန်ထိုးကြည့်ရလျှင် ဒီမိုကရေစီသက်တမ်းရင့် အမေရိကန်၊ အင်္ဂလန်တို့တွင်လည်း ရှိသည်။ အာရှက ဂျပန်၊ ကိုရီးယား၊ ဖိလစ်ပိုင်တို့တွင်လည်း ရှိသည်။ သို့သော် ကွဲပြားသည်မှာ တိုင်တန်းချက်ကို အရေးယူနိုင်သည့် ရာခိုင်နှုန်းသာဖြစ်သည်။ ဥပမာ-အမေရိကန်ဆိုလျှင် ၁၉ ပြည်နယ်ကို ထို အခွင့်အာဏာပေးထားပြီး ရာခိုင်နှုန်းတို့သည်လည်း ၁၅၊၂၀၊၂၅ စသည်ဖြင့်ကွဲပြားသည်။ အင်္ဂလန်ဆိုလျှင် ၂၅ ရာခိုင်နှုန်း၊ ဂျပန်နှင့် တောင်ကိုရီးယားဆိုလျှင် မဲဆန္ဒရှင်၏ သုံးပုံတစ်ပုံ၊ ဖိလစ်ပိုင်က ၁၀ ရာခိုင်နှုန်း စသဖြင့်တော့ အမျိုးမျိုးကွဲပြားသည်။ သို့ပေတည့် ဥပဒေတစ်ရပ်တော့ အခိုင်အမာရှိသည်။ ယခု ဤနိုင်ငံတွင်တော့ ထိုသို့မဟုတ်။ ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရမည်၊ ၁ ရာခိုင်နှုန်းဟု အတိအကျဆိုထားသည်။ သို့သော် ထို ၁ ရာခိုင်နှုန်းဆိုသည်ကြောင့်လား၊ အခြားအကြောင်းများကြောင့်လား ဆိုသည်တော့ သူတို့မှပင်သိမည်။ ဥပဒေကား ခုထိထွက်မလာ။ သို့အတွက် သူတို့က ရွေးချယ်ထားသည့် လူထုက သူတို့ကို အခြေခံဥပဒေကို ဖောက်ဖျက်ကြသူများဟု ဆိုချင်နေကြသည်။ မဲဆန္ဒရှင်ပြည်သူတို့ လိုချင်နေသည်မှာ ရာခိုင်နှုန်းကိစ္စက နောက်ထား၊ သူတို့အပေါ် ပြန်လည်ထိန်းကျောင်းနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ R2R Law ဥပဒေတစ်ရပ် အခိုင်အမာ ပေါ်ထွက်လာရေးပင်ဖြစ်သည်။ သို့မှသာ ရာခိုင်နှုန်းမည်မျှပင်ဆိုစေ၊ ကိုယ်စားလှယ်တစ်ဦးကောင်းသည်၊ ဆိုးသည် ၎င်းတို့မဲဆန္ဒနယ်မြေက သိသည်။ သို့အတွက် ရာခိုင်နှုန်းဆိုသည်မှာ အကြောင်းမဟုတ်ဟု ဆိုကြသည်။ မကောင်းသူကို မကောင်းသလို ထိန်းကျောင်းမည်၊ ရာခိုင်နှုန်းကိစ္စ အခြေခံဥပဒေနှင့် Law of Conflict ဆန့်ကျင်လျှင် လွှတ်တော်ဥပဒေပြုရေးမဏ္ဍိုင်က ၇၆ ရာခိုင်နှုန်းလောက်က ထောက်ခံထား၍ အခက်အခဲမရှိနိုင်။ ထိုအစိမ်းကြီးကို အချိန်မရွေး ပြင်လို့ရသည်ဟု ဥပဒေပညာရှင်အချို့က ထောက်ပြထားသည်။ အမှန်က လုပ်ထုံးလုပ်နည်း ပြစ်မှုပြစ်ဒဏ်နှင့် မှီငြမ်းစရာ ရာဇဝတ်၊ တရားမ စသည့်ကျင့်ထုံးများနှင့် နွယ်စပ်ထားသည့် ဥပဒေတစ်ရပ် အမြန်ပေါ်ထွက်ရေးပင်ဖြစ်သည်။ နောက် ကိုယ်စားလှယ်များနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်မှာ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေအခန်း (၇) ပုဒ်မ ၂၃ (င) ဖြစ်သည်။ ထိုပြဋ္ဌာန်းချက်အရဆိုလျှင် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်ထဲတွင် လိုက်နာကျင့်ဆောင်ရမည့်အထဲမှ တစ်ခုခုဖောက်ဖျက်လျှင် တာဝန်မှရပ်စဲခံရသည့် ကိစ္စဖြစ်သည်။ ထိုပုဒ်မအရတော့ဖြင့် ယနေ့အထိ မည်သည့် ကိုယ်စားလှယ်တစ်ဦးတစ်ယောက်ကိုမျှတော့ဖြင့် ရပ်စဲခဲ့သည်ဟု မကြားဖူး။ သတိပေးပြောကြားခဲ့သည်တော့ ကြားကြားနေရသည်။

ထို့အတွက် နိဂုံးချုပ်ရလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဲဆန္ဒရှင် နိုင်ငံသားများတွင် ရှိသည့်မူလအခွင့်အရေးများ၊ ပြည်ထောင်စုတစ်ဝန်းမှာ တည်ရှိနေရသည့် နိုင်ငံသားများ၏ အချုပ်အခြာအာဏာများအရ ၎င်းတို့ ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များကို ၎င်းတို့က ပြန်လည်ထိန်းကျောင်းခွင့်ရရှိနေမှသာ ယနေ့ကာလတွင်ဖြစ်ပေါ်နေသည့် ကိုယ်စားလှယ်အချို့၏ အကျင့်ပျက်ပြားမှုများ၊ ဆက်ဆံရေးမောက်မာမှုများ ချုပ်ငြိမ်းစေနိုင်မည်ဟုလည်း သုံးသပ်ရမည်ဖြစ်သည်။ သို့အတွက် အဆိုပါ ဥပဒေကို ဒီမိုကရေစီအစိုးရဟုဆိုဆို၊ ပြည်သူ့အစိုးရဟုသမုတ်သမုတ် နှစ်နှစ်ကျော်သက်တမ်းကာလသာ ကျန်တော့သည့် ယခုအစိုးရလက်ထက်တွင် သေသေချာချာ စေ့စေ့ငုငု နိုင်ငံတကာဥပဒေများနှင့်ချိန်ဆပြီး ပြဋ္ဌာန်းခဲ့သင့်ပါကြောင်းနှင့် သို့မှသာ တစ်ကျော့ပြန် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူအများ၏ ယုံကြည်မှုကိုရလိမ့်မည်ဟု မျှော်လင့်မိပါကြောင်း ရေးသားလိုက်ရပါသည်ဗျား။

အောင်ဇေယျ