News

POST TYPE

POLITICAL

မြန်မာ့ဒီမိုကရေစီအရေးတော်ပုံ အနှစ် (၃၀) ပြည့်ချိန်မှာ စစ်ဘက်ကသာ အခရာကျနေဆဲ
09-Aug-2018



နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံမှ ၁၉၈၈ ဒီမိုကရေစီရေး လူထုအရေးတော်ပုံကြီး၏ မျက်နှာစာ ဖြစ်လာခဲ့သည်။ အနှစ် ၃၀ မျှကြာမြင့်ချိန်တွင် အရှေ့တောင်အာရှနိုင်ငံ၌ ဒီမိုကရေစီနည်းကျရွေးကောက်ထားသော အစိုးရတစ်ရပ်ရှိလာပြီဖြစ်သော်လည်း ကျေနပ်ဖွယ် ပြည့်စုံသောအခြေအနေသို့ကား မရောက်ရှိသေး။

လွန်ခဲ့သော အနှစ် ၃၀ က မြန်မာနိုင်ငံတစ်လွှား လူသိန်းနှင့်ချီပြီး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြကာ တစ်ပါတီအုပ်စိုးမှု အဆုံးသတ်ရေးတောင်းဆိုခဲ့ကြသည်။ ဒီမိုကရေစီရေးတောင်းဆိုသံမှာ ဆန္ဒပြလှုပ်ရှားမှုများအတွက် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာချိန်တွင် ပိုမိုအားကောင်း၊ ရှင်းလင်းလာခဲ့သည်။ လူထုကြီးက အာဏာရှင်စနစ်ကို ဆန့်ကျင်သည်မှာ ရှင်းလင်းသလို စီးပွားရေးအကျပ်အတည်းမှ သက်သာခွင့်ရရန် လိုအပ်နေခဲ့သည်။

လူထုအုံကြွမှုကြီးကိုစတင်ခဲ့သော၊ ဦးဆောင်ခဲ့ သောကျောင်းသားများသည် လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူဒေါ်စုကို ဝန်းရံခဲ့ကြသည်။ ၁၉၈၈ ခုနှစ် ဩဂုတ်လအတွင်း ခန့်မှန်းခြေ လူငါးသိန်းခန့်ရှေ့မှောက်တွင် ဒေါ်စု၏ နာမည်ကျော်မိန့်ခွန်းကို ပြောကြားခဲ့သည်။ ပြည်ပတွင် ဆယ်စုနှစ်များစွာ နေထိုင်ခဲ့သော ဒေါ်စုက သူ့တိုင်းပြည်တွင် ဒီမိုကရေစီနှင့် ပါတီစုံစနစ်ကို တောင်းဆိုခဲ့သည်။

“တစ်နည်းနည်းနဲ့တော့ ဒေါ်စုဟာ ဒီမိုကရေစီအယူအဆကို အနောက်ကမ္ဘာကနေသယ်ယူလာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဒီမိုကရေစီဟာ တိုင်းပြည်အတွက် ဘယ်လိုအဓိပ္ပာယ်လဲဆိုတာ မရှင်းလင်းခဲ့သေးပါဘူး။ ပြည်သူတွေကစနစ်ကို ပြင်ချင်ခဲ့တာတော့ ရှင်းပါတယ်” ဟု မြန်မာ့အရေးကျွမ်းကျင်သူ ဟန်စ်-ဘားန်ဒ်ဇိုလ်နာက သုံးသပ်သည်။

ဒီမိုကရေစီအယူအဆနှစ်မျိုး

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် စစ်တပ်ကအာဏာသိမ်းလိုက်ခြင်းဖြင့် ဆန္ဒပြသူများ၏ အိပ်မက်များနှင့် မျှော်လင့်ချက်များ ရုတ်ခြည်း အဆုံးသတ်သွားခဲ့သည်။ ဒီမိုကရေစီရေး ဆန္ဒပြမှုများကို စစ်တပ်ကရက်ရက်စက်စက်အင်အား သုံးနှိမ်နင်းခဲ့သည်။ လူထောင်ချီအသတ်ခံရပြီး အမြောက်အမြား အဖမ်းခံရသည်။ ကျောင်းသားအများအပြား အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

တစ်နှစ်အကြာတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုထူထောင်နိုင်ခဲ့ကာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ရခဲ့သည်။ သို့သော်လည်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) ထူထောင်ပြီး တိုင်းပြည်ကို ထိန်းချုပ်ထားသော ဗိုလ်ချုပ်ကြီးများက အခြေခံဥပဒေသစ် ရေးဆွဲ၍ မပြီးမချင်း NLD ထံအာဏာလွှဲမပေးနိုင်ဟု ငြင်းခဲ့ကြသည်။

နောက်ပိုင်းနှစ်များအတွင်း နှစ်ဖက်စလုံးက ဒီမိုကရေစီအကြောင်းတွင်တွင်ပြောခဲ့ကြရာတွင် နှစ်ဖက်ဆိုလိုသောအဓိပ္ပာယ်များမှာ လုံးဝကွဲပြားခြားနားနေခဲ့သည်။ စစ်တပ်က ဗဟိုအစိုးရက စည်းမျဉ်းစည်းကမ်းများကိုဆုံးဖြတ်မည့် “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ဆိုသည်ကို ဖော်ဆောင်ချင်ခဲ့သည်။ တစ်ဖက်တွင်တော့ ဒေါ်အောင်ဆန်းစုကြည်ကလူထု ဆန္ဒအတိုင်း အုပ်ချုပ်သောဒီမိုကရေစီအယူအဆကို စွဲကိုင်ထားခဲ့ဟန်ရှိသည်။

စစ်ဘက်ပုံစံ ဒီမိုကရေစီ

နောင်အနှစ် ၂၀ အတွင်း စစ်တပ်သည် သူ၏ “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ကိုသာ ဖြည်းဖြည်းချင်း အကောင်အထည်ဖော်သွားခဲ့သည်။ ၂၀၀၈ တွင်တော့ လွှတ်တော်အမတ်နေရာလေးပုံတစ်ပုံကို စစ်တပ်ကရယူထားသည့် အခြေခံဥပဒေသစ်ကို အတည်ပြုနိုင်ခဲ့သည်။ ထိုအခြေခံဥပဒေကိုပြင်ရန်လည်း စစ်တပ်၏ သဘောတူညီချက်မရဘဲ လုံးဝမဖြစ်နိုင်အောင် ရေးဆွဲထားသည်။

အခြေခံဥပဒေအရ ကာကွယ်ရေး၊ နယ်စပ်လုံခြုံရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီးများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်နိုင်သည်။ ဤနည်းဖြင့် စစ်နှင့်ရဲဘက်ကို ဗိုလ်ချုပ်ကြီးများ၏ ထိန်းချုပ်မှုအောက်တွင် ဆက်လက်ထားရှိခဲ့သည်။

“သူတို့က စည်းမျဉ်းတွေ သတ်မှတ်ပြီးတဲ့ နောက်မှာတော့ ရွေးကောက်ပွဲလုပ်ဖို့ အန္တရာယ်မရှိတော့ဘူးပေါ့” ဟု ၈.၈.၈၈ အမည်ရ ရှစ်လေးလုံး အရေးတော်ပုံအကြောင်း စာအုပ်ရေးသားသူဂျာနယ်လစ် စာရေးဆရာဘာတေးလ်လင့်တ်နာကဆိုသည်။

၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပပေးခဲ့ရာ ဒီမိုကရေစီမဆန်သောအခြေခံဥပဒေကို လက်မခံသောအားဖြင့် ဒေါ်စု၏ NLD က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။ ထိုအချိန်တွင် စစ်ယူနီဖောင်းချွတ်ထားသောဗိုလ်ချုပ်ကြီးများက ၎င်းတို့ကိုယ်ကိုယ် အရပ်သားခေါင်းဆောင်များအဖြစ် အသွင်ပြောင်းကာ လွှတ်တော်အမတ်နေရာအားလုံးနီးပါး အရယူနိုင်ခဲ့သည်။

နောက်ထပ်ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ပေးခဲ့သောကြောင့် နောက်ဆုံးတွင် ၂၀၁၅ ရွေး ကောက်ပွဲ၌ ၂၀၁၀ နှင့် ထူးမခြားနား အခြေအနေအောက်တွင် ရွေးကောက်ပွဲဝင်ရန် NLD က သဘောတူခဲ့သည်။ မျှော်လင့်ထားကြသည့်အတိုင်း NLD ကပင် ရွေးကောက်ပွဲနိုင်ခဲ့ပြီး ဒေါ်စုသည် (အသစ်ဖန်တီးလိုက်သော) ဝန်ကြီးချုပ်ရာထူးနှင့် သဘောသဘာဝဆင်သည့် “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်” ရာထူးကို ရယူနိုင်ခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲသည် ဒီမိုကရေစီအတွက် အောင်ပွဲတစ်ရပ်အဖြစ် နိုင်ငံတကာမီဒီယာများက ချီးကျူးခဲ့ကြသည်။ ရွေးကောက်ပွဲပြီးမကြာမီပင် အနောက်ကမ္ဘာက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းပေးခဲ့သည်။ သို့သော်လည်း လင့်တ်နာကဲ့သို့သော လေ့လာသုံးသပ်သူများကမူ ၂၀၀၈ အခြေခံဥပဒေသည် နိုင်ငံကိုအတိုင်းအတာ တစ်ခုအထိ တံခါးဖွင့်ပေးနိုင်ခဲ့သော်လည်း ဘယ်တုံးကမျှ တကယ့်အာဏာကိုရွေးကောက်ခံအစိုးရထံ လွှဲမပေးခဲ့ဟု သုံးသပ်ကြသည်။ “NLD က ၂၀၁၅ ရွေးကောက်ပွဲမှာနိုင်တယ်၊ ဒါပေမဲ့ အာဏာတကယ်မရဘူး” ဟု လင့်တ်နာက သုံးသပ်သည်။

ဇိုလ်နာကလည်း အလားတူအမြင်ဖြင့်ပင် သုံးသပ်ပြခဲ့သည်။ သို့သော်လည်း ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးကို ထောက်ခံခဲ့ကြသော မြန်မာနိုင်ငံမှ ပြည်သူအများစုအတွက်မူ ယနေ့ခေတ်အခြေအနေသည် ၁၉၈၀ ပြည့်လွန်နှစ်များနှောင်းပိုင်းနှင့် ၁၉၉၀ ပြည့်လွန်နှစ်များထက်စာလျှင် အများကြီး ပိုကောင်းသည်ဟု လက်ခံထားကြကြောင်း သုံးသပ်ထားသည်။

NLD ၏ နောက်တွန့်မှု

NLD တွင် အတိုင်းအတာတစ်ခုအထိစစ်ဘက် ကိုဖိအားပိုပေးနိုင်သည့် အခြေအနေရှိသော်လည်း ထိထိရောက်ရောက် ခိုင်ခိုင်မာမာမလုပ်နိုင်ဟု လင့်တ်နာက ဝေဖန်သည်။

“၂၀၁၅ ရွေးကောက်ပွဲနိုင်ပြီးတဲ့နောက်ပိုင်း သူတို့လုပ်ပြီးတာတွေထက် အများကြီးပိုလုပ်ဖို့ပြည်သူ တွေကမျှော်လင့်ခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီအစား သူတို့တွေက ကိုယ့်ဘောင်လေးထဲကိုယ်ဆုတ်ခွာသွားကြတယ်။ ဒီအထဲကထွက်နိုင်စွမ်းရှိမယ်လို့တောင် မထင်ရတော့ဘူး” ဟု လင့်တ်နာက သုံးသပ်သည်။

ထိုအချက်ကိုရှင်းပြရန် လင့်တ်နာက ရခိုင်ပြည်နယ်မှ ဘင်္ဂါလီဒုက္ခသည် အကျပ်အတည်းကို ဥပမာပေးသည်။ ယမန်နှစ်အတွင်းက အကြမ်းဖက် တိုက်ခိုက်မှုများကိုလက်တုံ့ပြန် စစ်ဘက်ကနယ်မြေရှင်းလင်းမှု စစ်ဆင်ရေးလုပ်ဆောင်ခဲ့ရာ ဘင်္ဂါလီ ၅ သိန်းကျော်ခန့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရသည်။ ကုလသမဂ္ဂက ထိုဖြစ်စဉ်ကို ဘင်္ဂါလီမွတ်ဆလင်များ အပေါ် လူမျိုးရေးရှင်းလင်းမှုအဖြစ် ဝေဖန်ခဲ့သည်။

NLD သည် ထိုပဋိပက္ခအတွင်း များသောအားဖြင့် ကိုယ်ပျောက်ဖြစ်နေခဲ့သည်။

ဘင်္ဂါလီကိစ္စတွင် NLD အနေနှင့် စစ်ဘက်နှင့် ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်းမရှိဆိုသော အချက်ကို လင့်တ်နာက လက်ခံသော်လည်း အနည်းဆုံးအားဖြင့် လူသားချင်းစာနာမှုအကျပ်အတည်းအပေါ်တွင် တုံ့ပြန်မှုရှိသင့်သည်ဟု လင့်တ်နာက သုံးသပ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ရခိုင်ပြည်နယ်သို့ လာရောက်ကာ ဒေသခံနိုင်ငံရေးသမားများ၊ ပဋိပက္ခသက်ရောက်သူများနှင့် တွေ့ဆုံနိုင်သည်ဟုလင့်တ်နာက ထောက်ပြသည်။ ယင်းမှာ NLD ၏ တိုင်းပြည် အပေါ် အုပ်ချုပ်နိုင်စွမ်းမရှိမှု ဥပမာတစ်ခုမျှသာဖြစ်သည်ဟု လင့်တ်နာကဆိုသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီအောင်ပွဲရပြီဟု မှတ်ယူကတည်းက အနောက်ကမ္ဘာသည် ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေခြင်း၊ ဒီမိုကရေစီ မြှင့်တင်ပေးခြင်းတို့ဖြင့် တိုင်းပြည်တွင် ပိုမိုတက်ကြွစွာပါဝင်ပတ်သက်လာသည်။ သို့သော်လည်း အနောက်ကမ္ဘာ၏ မြန်မာနိုင်ငံအပေါ် ဩဇာလွှမ်းမိုးမှုသည် အကန့်အသတ်ဖြင့်သာရှိသည်ဟု ဇိုလ်နာရော လင့်တ်နာကပါ သုံးသပ်သည်။

“အနောက်ကမ္ဘာက မြန်မာနိုင်ငံကိုဒီမိုကရေစီ တရားဟောချင်ဟောနိုင်တယ်၊ ဒါပေမဲ့ ဒီမိုကရေစီအတွက် စေ့ဆော်မှုက နိုင်ငံထဲက ထွက်မလာမချင်း ဘာမှပြောင်းလဲနိုင်မှာ မဟုတ်ဘူး” ဟု လင့်တ်နာက ဆိုသည်၊ များမကြာမီ ဖြစ်လာဖို့ရာလည်းမမြင်သေးဟု မှတ်ချက်ချသည်။

ဇေဝင်းနောင်

Ref: Deutsche Welle, Myanmar's Democracy movement 30 years on- military still calls the shots