News

POST TYPE

POLITICAL

တောင်သူလယ်သမားအရေးဆောင်ရွက်သူကို ရှစ်လေးလုံးအခမ်းအနားတွင် ဖမ်းဆီး
09-Aug-2018
မန္တလေး၊ ဩဂုတ် ၈

မန္တလေးမြို့တွင် ကျင်းပသော ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနားသို့ တက်ရောက်လာသော တောင်သူလယ်သမားအရေး လှုပ်ရှားဆောင်ရွက်သူ ဦးအေးသိန်းကို ရဲတပ်ဖွဲ့က ဩဂုတ်လ ၈ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း တောင်သူလယ်သမားအရေး လှုပ်ရှားဆောင်ရွက်သူ ဦးမျိုးဝင်းက ပြောကြားသည်။

“ပြင်စာကျေးရွာ/ သပြေရေ ကျေးရွာ ထွန်တုံးတိုက်ပွဲ လုပ်ဆောင်မှုကြောင့် ဖမ်းတာလို့သိရတယ်။ ကျွနု်ပ်နဲ့အမှုတွဲပါ။ ဒီလိုအခမ်းအနားမျိုးမှာ ဒီလုပ်ဆောင်ချက်မျိုးဟာ မဖြစ်သင့်ဘူး”ဟု တောင်သူလယ်သမားအရေးလှုပ်ရှား ဆောင်ရွက်သူ ဦးမျိုးဝင်းက ဆိုသည်။

ယခုကဲ့သို့ ရှစ်လေးလုံးအခမ်းအနားတွင် လာရောက်ဖမ်းဆီးခြင်းသည် စစ်အာဏာရှင်စနစ်က လုပ်ပုံလုပ်နည်းအတိုင်းဖြစ်သဖြင့် ကန့်ကွက်ကြောင်း မန္တလေးမြို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အချို့က ဝေဖန်ပြောကြားသည်။

“ကိုအေးသိန်းကို ဖမ်းထားတာ ဟုတ်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ပဲ အရင်က သူ့အပေါ်ဖွင့်ထားတဲ့ပုဒ်မတွေအရပဲ ဖမ်းဆီးထားတာပါ။ ဒီနေ့ တရားရုံး ပို့ဆောင်ပြီးတော့ ရမန်ယူပါတယ်”ဟု ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဉာဏက အတည်ပြုပြောကြားသည်။

ဖမ်းဆီးခံရသည့် တောင်သူလယ်သမားအရေးလှုပ်ရှားသူ ဦးအေးသိန်းမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလကတည်းက ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်ပြီး အမှုတွဲဖြစ်သည့် ဦးမျိုးဝင်း၊ ဦးတိုးကြီးနှင့် တောင်သူတစ်ဦးတို့ကို ပြင်ဦးလွင်မြို့နယ် တရားရုံးက ၂၀၁၈ ခုနှစ် ဇွန်လ ၇ ရက်က စွဲချက်အမိန့်ချထားသည်။

တောင်သူလယ်သမားအရေး လှုပ်ရှားသူနှစ်ဦးနှင့် တောင်သူတစ်ဦးကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၄၇ (ကျော်နင်းမှု)၊ ၄၂၇ (အကျိုးဖျက်ဆီးမှု) တို့ဖြင့် စွဲချက်အမိန့်ချကြောင်း ယင်းတရားရုံး တရားသူကြီး ဦးလင်းအောင်သူက ပြောကြားထားသည်။ 

ထိုသို့ဖမ်းဆီးခံရသူများနှင့်အတူ တောင်သူများသည် ဘိုးဘွားပိုင်လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ၂၀၁၆ ခုနှစ် အောက်တိုဘာလက ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာတွင် ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့သည်။

ပြင်ဦးလွင်-ကျောက်ဆည်မော် တော်ကားလမ်းဘေးရှိ ပြင်စာကျေးရွာ တောင်သူ ၅၀ ကျော် ပိုင်ဆိုင်သော ဘိုးဘွားပိုင် လယ်ယာမြေဧက ၅၀၀ ကျော်ကို ၁၉၉၈ ခုနှစ်က နိုင်ငံတော်က သိမ်းယူခဲ့ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များကို လုပ်ကိုင်စေခဲ့ကြောင်း တောင်သူများထံမှ သိရှိရသည်။

M-01


  • VIA