News

POST TYPE

POLITICAL

ကျောင်းနံရံတစ်ဝိုက် ဒေါင်းအလံတွေစိုက်တဲ့နေ့
09-Aug-2018



လွန်ခဲ့သော နှစ် ၃၀ တော်လှန်ရေးကာလများအတွင်း ကျောင်းသားလှုပ်ရှားမှု အရေးတော်ပုံခေါင်းဆောင်တစ်ဦးက ကဗျာတိုတစ်ပုဒ်ရေးရင်း သူ့အိပ်မက်ကို ထုဆစ်ခဲ့ဖူးပါသည်။ 

သူ၏ နုနယ်ပျိုမျစ်သော အချိန်ကာလများကို အကျဉ်းထောင်နံရံများအကြား ရင်းနှီးစတေးရင်း နှစ်ပေါင်း ၃၀ အကြာ ယနေ့တွင် အမှန်တကယ်ပင် ပုံဖော်နိုင်ခဲ့ပြီဖြစ်သည်။

ထိုကဗျာသည် ၁၉၈၈ ရန်ကုန်တက္ကသိုလ် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ရဲ့ ကဗျာတစ်ပုဒ် ဖြစ်ပါသည်။ 

ကဗျာက အောက်ပါအတိုင်းရေးသားထားသည်။ 

တိုင်းတစ်ပါးကျွန်
နယ်ချဲ့ကျွန်
စစ်ကျွန်
ဘယ်ကျွန်မှ မခံ
ဒေါင်းအလံ ဟေ့။
ကျောင်းနံရံတစ်ဝိုက်
ဒေါင်းအလံပြန်စိုက်မယ်ဟေ့ ... ။ 
ဟူ၍ ဖြစ်ပါသည်။

၁၉၈၈ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ နှစ် ၃၀ ပြည့် အခမ်းအနားကို ယခုအခါ ထိုအရေးအခင်းလှုပ်ရှားမှုများ အဓိကဖြစ်တည်ခဲ့ရာ ရန်ကုန်တက္ကသိုလ်တွင် ပထမဆုံးအကြိမ် ကျင်းပနိုင်ခြင်း ဖြစ်သည်။

ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအနီး နံရံများတစ်ဝိုက်တွင် ကျောင်းသားများကိုယ်စားပြု အနီရောင်အောက်ခံပေါ်တွင် အဝါဖြင့် ရေးဆွဲထားသော ခွပ်ဒေါင်းအလံများကို နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးတွေ့မြင်ရခြင်းဖြစ်သည်။

ရဲရဲနီနေသည့် ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်းအလံတို့သည် မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံးဖြစ်သည့်အပြင် သမိုင်းခြေရာများစွာရှိသည့် ရန်ကုန်တက္ကသိုလ်အဓိပတိလမ်းတစ်လျှောက် ညီညာစွာ နေရာယူလျက် တလူလူလွင့်နေကြသည်။

ဒီမိုကရေစီရရှိရေး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်လုံးကျွတ် တောင်းဆိုဆန္ဒပြခဲ့သည့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံသည် ယနေ့ ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၈ ရက်တွင် နှစ် ၃၀ ပြည့်မြောက်ပြီဖြစ်၍ ရန်ကုန်တက္ကသိုလ်တွင် ပထမဆုံးအကြိမ် ပြန်လည်ကျင်းပနေခြင်းဖြစ်သည်။

ထိုအခမ်းအနားသည် နှစ် ၃၀ ကာလအတွင်း နိုင်ငံတော်အစိုးရ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အရေးတော်ပုံ၏ ဘူမိနက်သန် ရန်ကုန်တက္ကသိုလ်တွင် တရားဝင် ကျင်းပခွင့်ရရှိခြင်းဖြစ်သည်။

အရေးတော်ပုံနောက်ပိုင်း လက်နက်ကိုင် တောခိုသွားသူများရှိသကဲ့သို့ အကျဉ်းထောင်ကျသွားသူများစွာလည်း ရှိသည်။ အခြားတိုင်းပြည်များသို့ ထွက်ခွာသူများစွာလည်း ရှိခဲ့ကြသည်။ ယနေ့တွင်တော့ သူတို့အများစုနှင့် မိသားစုဝင်များစွာ ရန်ကုန်တက္ကသိုလ်တွင် ပြန်ဆုံခဲ့ကြပြီဖြစ်သည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က “သူတို့အားလုံးပြန်ဆုံဖို့ကြိုးစားရာမှာ တချို့တချို့သော ခြေလှမ်းပိုင်ရှင်တွေကတော့ အပြီးအပိုင် ဘယ်တော့မှ ပြန်ရောက်မလာနိုင်ကြတော့ပါဘူး။ တချို့များကလည်း ဒဏ်ရာများစွာနဲ့ ဒယိမ်းဒယိုင်နဲ့ ဒီနယ်မြေကို ပြန်လာကြပါတယ်” ဟု နှစ် ၃၀ ပြည့် အခမ်းအနား မိန့်ခွန်းတွင် ပြောကြားသည်။

ရန်ကုန်တက္ကသိုလ်အတွင်းမှ ခွပ်ဒေါင်းအလံများကိုကြည့်ရင်း အရေးတော်ပုံကာလက ခွပ်ဒေါင်းအလံကိုင်၍ ထောင်ခုနစ်နှစ်ကျသွားသူများ၊ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကိုင်၍ ထောင်ခုနစ်နှစ် ကျသွား သူများ၊ သခင်ကိုယ်တော်မှိုင်း ဓာတ်ပုံကိုင်၍ ထောင်ခုနစ်နှစ် ကျသွားသူများကို ပြန်သတိရ ကြောင်း ၈၈ ကျောင်းသားမျိုးဆက် ဦးကိုကိုကြီးက ဆိုသည်။ 

“ကျွန်တော်တို့ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားရတဲ့အခါ ဒီနေ့မြင်ကွင်းကိုကြည့်ပြီး ဒါဟာ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကနေ ပြောင်းလဲတိုးတက်လာတဲ့ ခရီးရှည်ကြီးကို ပြသနေတဲ့ သင်္ကေတလို့ ခံယူပါတယ်” ဟု ဦးကိုကိုကြီးက ပြောဆိုသည်။

အဓိပတိလမ်းတစ်လျှောက်နှင့် ထိုလမ်းဘေးရှိ အပန်းဖြေရိပ်သာ (အာစီ) အတွင်း ရှစ်လေးလုံး အရေးတော်ပုံကာလ စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူများ၊ ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားသူများကို အလေးပြုကြောင်း ဖော်ပြထားသည့် အနီရောင်လက်ပတ် ဝတ်ဆင်ထားသူများစွာလည်း လှုပ်လှုပ်ခတ်ခတ် ရှိနေကြသည်။

ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင်တော့ လူတစ်ရပ်ထက်မြင့်သည့် ၈၈၈၈ အနီရောင်စာလုံးက နေရာယူထားလျက်ရှိသည်။ ထိုနေရာသို့ လာရောက်ကြသည့် ကျောင်းသားဟောင်းများ၊ မိသားစုဝင်များ၊ မျိုးဆက်သစ်ကျောင်းသားများ၊ စိတ်ပါဝင်စားသူများကလည်း ထိုစာလုံးများကို နောက်ခံထားလျက် မှတ်တမ်းဓာတ်ပုံကိုယ်စီ ရိုက်နေကြသည်။

အဓိပတိလမ်းမထက် တက္ကသိုလ်အားကစားခန်းမ (အပန်းဖြေရိပ်သာ) ထဲ၌မူ လွန်ခဲ့သည့် နှစ် ၃၀ က တစ်ပါတီအစိုးရ၊ အာဏာရှင်စစ်အစိုးရကို ပြည်လုံးကျွတ်သပိတ်မှောက်လှုပ်ရားမှု ဖော်ပြနေသည့် ရှားပါးသမိုင်းဝင် မှတ်တမ်းဓာတ်ပုံများ၊ လှုပ်ရှားမှုတွင် ကျဆုံးခဲ့သူတို့၏ သွေးစွန်းနေသည့် အသုံးအဆောင်များ ပြသထားသည်ကို တွေ့ရမည်ဖြစ်သည်။ 

ပြခန်းထဲသို့ ရဟန်းရှင်လူ ပြည်သူ၊ ကျောင်းသား နိုင်ငံရေးပါတီအသီးသီးမှ တက်ရောက်သူများ အပါအဝင် အနုပညာရှင်များ အုံနဲ့ကျင်းလိုက် ဝင်ရောက်လာသည်။ အာစီခန်းမအဝတွင် ပထမဆုံး မြင်တွေ့လိုက်ရသည်မှာ ဆွေးမြည့်နေသည့် အုတ်ခဲ ၁၀ လုံးကျော် စီထားပြီးနှင်းဆီပန်းအနီရောင်ဖြင့် အုတ်ဂူတစ်ခုပုံစံ ပြုလုပ်ထားသည်။

အုတ်ပုံရှေ့တွင် အင်္ကျီအနက်ရောင်ဝတ်ဆင်ထားသည်အမျိုးသမီးက လာရောက်ကြည့်ရှုနေသူများကို “ဒါက ကိုမိုးသီးဇွန် ဟောပြောနေချိန်မှာ သေနတ်နဲ့ ပစ်လိုက်လို့ လူ၂၉ ယောက် ကျဆုံးခဲ့တဲ့ နေရာက ကျောက်ခဲတုံးတွေပါ။ ဂါဝရပြုလို့ရပါတယ်” ဟု ရှင်းပြနေသည်။

ရှစ်လေးလုံးအရေးတော်ပုံအခမ်းအနား ကျင်းပရာ အစည်းအဝေးခန်းမ၏ ရှေ့ဆုံးထိုင်ခုံနေရာများတွင်တော့ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့အပါအဝင် အစိုးရလွှတ်တော်ကိုယ်စားလှယ်များ ဝန်းရံလျက်ရှိကြသည်။

အစိုးရအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ အပါအဝင် ရွှေဝါရောင်သင်္ကန်းဝတ်ရုံထားသည့် သံဃာတော်များစွာနှင့် စိတ်ပါဝင်စားစွာ အခမ်းအနား တက်ရောက်လာကြသော ပြည်သူဦးရေ တစ်သောင်းဝန်းကျင်ပင်ရှိကြောင်း အခမ်းအနားဖြစ်မြောက်ရေး ကော်မတီက တွက်ချက်ထားသည်။ 

သမ္မတ ဦးဝင်းမြင့်၊ ဒုသမ္မတ ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူတို့အပါအဝင် အစိုးရအဖွဲ့ကို အခမ်းအနားဖြစ်မြောက်ရေး ကော်မတီတာဝန်ရှိသူများနှင့် ၈၈ မျိုးဆက်ကျောင်းသားများက ဩဂုတ်လ ၃ ရက်တွင် ဖိတ်စာဖြင့် သွားရောက်ဖိတ်ကြားသော်လည်း တက်ရောက်ခြင်းမရှိခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်သည် အခမ်းအနား တက်ရောက်ရန် ဖိတ်စာကို ကိုယ်တိုင်လက်ခံရရှိသော်လည်း အခမ်းအနားတက်ရောက်ခြင်းမရှိသည့်အပြင် သဝဏ်လွှာပေးပို့ခြင်းလည်း မရှိပေ။

အခမ်းအနားဖြစ်မြောက်ရေးကော်မတီဝင် ၈၈ မျိုးဆက်ကျောင်းသား ဦးမင်းဇေယျာက “အန်တီစုရဲ့ အနေအထားကို သဘောပေါက်ပါတယ်။ သူ့ရဲ့ အစိုးရအဖွဲ့ တာဝန်ရှိပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ဒီလိုပွဲမျိုးကိုလာရင် ဖြစ်ပေါ်လာနိုင်တာကို တွေးမယ်လို့ထင်တယ်။ ပြောချင်တာက အန်တီစုဆီက လူကိုယ်တိုင် မလာတဲ့ပေါ်မှာ နားလည်မှုရှိတယ်။ သဝဏ်လွှာလောက်တော့မျှော်တာပေါ့” ဟု ပြောကြားသည်။

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ နှစ် ၃၀ ပြည့် အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့က သဝဏ်လွှာအသီးသီးပေးပို့ခဲ့ကြပြီး ယင်းသဝဏ်လွှာများကို လက်ရှိတက္ကသိုလ်ကျောင်းသားသမဂ္ဂများမှ ကျောင်းသားမျိုးဆက်သစ်များက တက်ရောက်လာသည့် လူထုရှေ့တွင် ဖတ်ကြားခဲ့ကြသည်။

အရေးတော်ပုံ နှစ် ၃၀ ပြည့် အခမ်းအနားကို သမိုင်းဝင် ရန်ကုန်တက္ကသိုလ်၌သာ ကျင်းပသည်မဟုတ်ပေ။ ရန်ကုန်မြို့ မြောက်ဥက္ကလာ ကန်သာယာပန်းခြံတွင် ရှစ်လေးလုံးအထိမ်းအမှတ် ကျောက်ရုပ်တုနှင့် ကျောက်စာတိုင်ကို ဩဂုတ် ၈ ရက် နေ့လယ်ပိုင်းတွင် စိုက်ထူဖွင့်လှစ်ခဲ့သည်။

ရုပ်တုနှင့် ကျောက်စာတိုင်ဖြစ်မြောက်ရေးကို မြောက်ဥက္ကာလပမြို့နယ်အတွင်းရှိ ၈၈ မျိုးဆက်ဟောင်းများက ဦးဆောင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ကျောက်ရုပ်တုကို ဒီဇိုင်းပညာရှင် ကိုဇော်သန့်က ပြုလုပ်ပြီး ရှစ်လေးလုံး၏ အနှစ်သာရရရှိစေရန် ရုပ်တုအမြင့်ကို ရှစ်ပေပြုလုပ်ထားပြီး ကျောက်ပြား ရှစ်ချပ်ကို အဆင့်ဆင့်ထောင်ထားသည့်သဏ္ဌာန် ပြုလုပ်ထားသည်။

ရှစ်လေးလုံးကာလတွင် ကျဆုံးခဲ့သည့် ရဲဘော်ရဲဘက်များကို ဂုဏ်ပြုအောက်မေ့သည့် အထိမ်းအမှတ်အဖြစ် အဆိုပါ ရုပ်တုနှင့် ကျောက်စာတိုင်ကို ရှစ်လေးလုံး နှစ် (၃၀) ပြည့်တွင် စိုက်ထူဖွင့်လှစ်လိုက်ရခြင်းဖြစ်ကြောင်း ရုပ်တုဖြစ်မြောက်ရေး ဦးဆောင်သူများက ပြောကြားသည်။

အဆိုပါ ရှစ်လေးလုံး အထိမ်းအမှတ် ကျောက်ရုပ်တုနှင့် ကျောက်စာတိုင်ဖွင့်ပွဲကို ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နှင့် ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်များက တက်ရောက်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် လွန်ခဲ့သော နှစ်ပေါင်း ၃၀ က ရှစ်လေးလုံး ဒီမိုကရေစီအရေး တောင်းဆိုလှုပ်ရှားမှု၌ စိတ်ဓာတ်နှင့် ရပ်တည်ချက်ကို ပြည်သူများအတွက် တွန်းအားပေးသည့် သီးချင်အဖြစ် ထင်ရှားသည့် တေးရေးနိုင်မြန်မာ၏ “ကမ္ဘာမကြေဘူး” သီးချင်း အစပြုမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ Gothe Institut ၌ ဩဂုတ်လ ၈ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

“ကမ္ဘာမကြေဘူး” သီချင်းကို ရှစ်လေးလုံးကာလ၌ စတင်သီဆိုခဲ့သော အဖွဲ့ဝင်များ တက်ရောက်ဖျော်ဖြေခဲ့ပြီး နိုင်ငံရေးသမားများ၊ စာပေနှင့် အနုပညာအသိုင်းအဝိုင်းမှ ယင်းသီချင်းနှင့် ပတ်သက်၍ ဂုဏ်ပြုချီးမွှမ်းခဲ့ကြသည်။ “ကမ္ဘာမကြေဘူး” သီချင်းကို လျှို့ဝှက်အသံသွင်းခဲ့ရာတွင် အသုံးပြုခဲ့သည့် တိပ်ရီကော်ဒါနှင့် ဆက်စပ်ပစ္စည်းများကိုလည်း ယင်းပွဲ၌ အမှတ်တရအနေနှင့် ပြသထားသည်။

ထိုသီချင်းကို ရေးဖွဲ့သူ နိုင်မြန်မာက “ဒီသီချင်းက ကျွန်တော့်အနုပညာသီလကို ပိုပြီး သန့်စင်စေတယ်။ လုံခြုံစေခဲ့တယ်” ဟု ပြောကြားသည်။ 

အဆိုပါပွဲသို့ ၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးအပါအဝင် စာရေးဆရာအသိုင်းအဝိုင်းနှင့် နိုင်ငံရေးအသိုင်းအဝိုင်းမှ ထင်ရှားသူအချို့ တက်ရောက်ခဲ့ပြီး “ကမ္ဘာမကြေဘူး” သီချင်းကို မူရင်းပုံစံ၊ ခေတ်သစ်ပုံစံတို့ဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃၀ ပြည့် အခမ်းအနားကို တစ်နိုင်ငံလုံးရှိ မြို့ကြီးများတွင်လည်း ကျင်းပခဲ့ကြသည်။ ရှမ်းပြည်နယ်တွင် တောင်ကြီး၊ အောင်ပန်း စသည့် မြို့များတွင်လည်းကောင်း၊ ဧရာဝတီတိုင်းတွင် ပုသိမ်မြို့၌ လည်းကောင်း ကျင်းပခဲ့ကြသည်။

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ နှစ် ၃၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကို ဩဂုတ်လ ၇ ရက်မှစ၍ ၈ ရက်အထိ မန္တလေးမြို့ ၈၄ လမ်းနှင့် ၃၁ လမ်းထောင့် ဓမ္မသာလာခန်းမတွင် နှစ်ရက်ကြာ ကျင်းပခဲ့ကြသည်။ 

အခမ်းအနားတွင် လက်ရှိ ၂၁ ရာစု ပင်လုံညီလာခံနှင့် ငြိမ်းချမ်းရေးအလားအလာ၊ နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

နိုင်ငံရေးစကားဝိုင်းအပြင် သံဃာတော်များကို ဆွမ်းဆက်ကပ်ခြင်း၊ ရှစ်လေးလုံးသမိုင်းဆိုင်ရာ ဓာတ်ပုံများ၊ ကာတွန်းများပြသခြင်း၊ အနုပညာ တင်ဆက်မှုများ၊ မန္တလေးမြို့ လေးပြင်လေးရပ်မှ သံဃာတော်များကို အရုဏ်ဆွမ်းလောင်းလှူခြင်းများ ပြုလုပ်ခဲ့သည်။ မန္တလေးမြို့တွင် ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံအခမ်းအနားကို ၂၀၁၂ ခုနှစ်မှစ၍ ကျင်းပခဲ့သည်။

ပုသိမ်မြို့တွင် ရှစ်လေးလုံးအရေးတော်ပုံနှစ် ၃၀ ပြည့်အခမ်းအနားကို ခါတော်မီကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။ ခါတော်မီကျောင်းတိုက်သည် ၁၉၂၀ ကျောင်းသားသပိတ်၊ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကာလနှင့် ၂၀၁၄ ခုနှစ် အမျိုးသားပညာရေးဥပဒေ ကျောင်းသားသပိတ်တို့ စခန်းဖွင့်အခြေတည်ခဲ့သည့် ကျောင်းဖြစ်သည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၊ မကွေးတိုင်းဒေသကြီး ချောက်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၊ ကချင်ပြည်နယ် ဗန်းမော်မြို့၊ မိုးညှင်းမြို့နယ် နန်းမားမြို့တို့၌လည်းကောင်း မြို့နယ်အလိုက် အသီးသီးကျင်းပခဲ့ကြပြီး အရေးတော်ပုံတွင် ပါဝင်ခဲ့သူများက ၎င်းတို့ကြုံခဲ့သည့် သမိုင်းဖြစ်ရပ်များကို အသီးသီးပြန်လည်မျှဝေခဲ့ကြသည်။

နှစ် ၃၀ ပြည့်အခမ်းအနားကို တစ်နိုင်ငံလုံးတွင် ကျင်းပနိုင်ခဲ့ပြီဖြစ်သလို ပေးပို့သည့်သဝဏ်လွှာများသည် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတစ်ရပ် ဖော်ဆောင်ရေးကို ဦးတည်ဆောင်ရွက်ကြရန်နှင့် တစ်ပါတီစနစ်မှ ပါတီစုံဒီမိုကရေစီစနစ် ဆက်လက်ကျင့်သုံးရေး ဦးတည်ကြသည်ကို တွေ့ရသည်။ 

သို့သော် အရေးတော်ပုံမျှော်မှန်းချက်များ အပြည့်အဝမရသေးကြောင်း ၈၈ မျိုးဆက် ကျောင်းသားများက လက်ခံထားကြသည်။ 

အရေးတော်ပုံ နှစ် ၃၀ ခရီးအတွင်း ခရီးမည်မျှရောက်ပြီလဲ၊ ပန်းတိုင်ရောက်ပြီလားဆိုသည့်မေးခွန်းများကိုမူ ရွေးကောက်ပွဲ အောင်မြင်ရုံ၊ လွှတ်တော်ပေါ်ပေါက်လာရုံဖြင့် ခရီးလမ်းမဆုံးသေးဘဲ ရာနှုန်းပြည့်အရွေးချယ်ခံများရှိသည့် လွှတ်တော်မျိုး ဖြစ်လာသည့်အထိ အားစိုက်ရဦးမည်ဖြစ်ကြောင်း ကိုမင်းကိုနိုင်က အဖြေပေးသည်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က “ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်လို့ ဆုံးဖြတ်ပြီးသား ... ။ အခုလည်း အကောင်အထည်ဖော်လျက်ရှိပါတယ်။ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဒါဟာ ၈၈ က မွေးထုတ်ပေးလိုက်တဲ့ NLD ရဲ့ ရည်မှန်းချက်ဟာ မူဝါဒဟာ ရှစ်လေးလုံးကို အခြေခံတယ်လို့ ပြောချင်ပါတယ်” ဟု မန္တလေးမြို့တွင် ကျင်းပသည့် အခမ်းအနားတွင် ပြောကြားသည်။

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ရည်မှန်းချက်ပန်းတိုင်မရောက်သေးသော်လည်း နှစ် ၃၀ ပြည့်အခမ်းအနားကို အရေးတော်ပုံ အစတည်ခဲ့ရာ၊ တော်လှန်ရေးတိုင်း၏ အစတည်ခဲ့ရာ နယ်မြေ ရန်ကုန်တက္ကသိုလ်တွင် ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့ခြင်းအပေါ် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းကိုနိုင်က ယခုကဲ့သို့ ပြောဆိုလိုက်သည်။

“ဒီနေ့ ကျွန်တော်တို့ ပြန်ရောက်လာပါပြီ။ ဒေါင်းအလံတွေနဲ့အတူ ပြန်ရောက်လာတာပါ”

The Voice သတင်းအဖွဲ့