News

POST TYPE

POLITICAL

ပြိုင်တူလျှောက်ရမည့် ငြိမ်းချမ်းရေး တည်ဆောက်ပုံလမ်းနှစ်သွယ်
04-Aug-2018
အခြေအနေတစ်ခုက မငြိမ်းချမ်းသည့်အခါ ငြိမ်းချမ်းရေး တည်ဆောက်ရပါသည်။ ငြိမ်းချမ်းခြင်း (Peace) ကို အဓိပ္ပာယ်ဖွင့်ရာ တည်ငြိမ်အေးဆေးခြင်းမဲ့သော အဖြစ်သနစ်များမှ ကင်းဝေးရာဟု အဘိဓာန်များက ယေဘုယျဆိုသည်။ အေးချမ်းစွာ သွားလာ၊ လုပ်ကိုင်စားသောက်၊ ပညာသင်ကြား၊ ကိုးကွယ်ဝတ်ပြု၊ ပြောဆိုထုတ်ဖော်ခြင်းများ မပြုနိုင်အောင် နှောင့်ယှက်ကလူပြုနေသည့်အခြေအနေကို မငြိမ်းချမ်းခြင်းဟု ဆိုရပေမည်။ မငြိမ်းချမ်းလျှင် ငြိမ်းချမ်းအောင် လုပ်ရသည်။ ယင်းလုပ်ငန်းကို ငြိမ်းချမ်းရေးတည်ဆောက်ခြင်း Peace Building ဟု ခေါ်သည်။ ဖြစ်နေသောစစ်ကို အကြမ်းဖက်မှုများကို မဖြစ်တော့အောင်၊ တိုက်ပွဲများ ရပ်သွားအောင်လုပ်သည့်လုပ်ငန်းဟု မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ ကောက်ယူနိုင်သည်။ တကယ်တမ်း စစ်မဖြစ်ရုံဖြင့် ငြိမ်းချမ်းပြီဟုတော့ ဆိုနိုင်ရိုး မဟုတ်ပါပေ။ 

ဖွဲ့စည်းတည်ဆောက်မှုအရ ဖြစ်နေသော ငုပ်လျှိုးနေသည့် အကြမ်းဖက်မှု Structural Violence များနှင့် အစဉ်အလာအရကို ဖြစ်နေ ကျူးလွန်နေသော အကြမ်းဖက်မှု Cultural Violence များကို ဆုံးခန်းတိုင်အောင်လုပ်နိုင်မှ အပြည့်အဝငြိမ်းချမ်းသည်ဟု ဆိုနိုင်မည်။ ယင်းသို့သောအခြေအနေကို ငြိမ်းချမ်းရေးအတွက် အကောင်အထည်ဖော်ကြသူများ Peace Practitioners တို့က အခြေအနေကောင်းနေသော ငြိမ်သက်ငြိမ်းချမ်းမှု Positive Peace ဟု ပြောသည်။ ထို့ကြောင့် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့်ရှိနေသော မငြိမ်းချမ်းသည့် အခြေအနေများကို ဖြေရှင်းကိုင်တွယ်လိုသည့် Peace Practitioners များ နယ်ပယ်လိုက် အဆင့်လိုက်တွင် ရှိအပ်သည်ကို သတိချပ်သင့်သည်။ 

ငြိမ်းချမ်းရေး တည်ဆောက်ခြင်းသည် လူအများနှင့် ဆက်စပ်ပြီး ဆောင်ရွက်ရသောအလုပ်ဖြစ်သည်။ စကားများစွာ ပြောရသည်။ ထိုသို့ လူအများနှင့် စကားပြောညှိနှိုင်း ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ချဉ်းကပ်မှုနှစ်မျိုးရှိပါသည်။ Key People Approach ခေါ် အဓိက ပုဂ္ဂိုလ်များကို ချဉ်းကပ်ပြီး ငြိမ်းချမ်းသော အခြေအနေကို ဖန်တီးဖော်ဆောင်ခြင်းနှင့် More People Approach ခေါ် အဆင့်လိုက် ပြည်သူပါဝင်သော လူတွေ အများကြီးကို ပါဝင်လာစေသော ချဉ်းကပ်မှုဟု ဆိုနိုင်ပါသည်။ လက်ရှိ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်သည် လူထုအင်အားကို ချဉ်းကပ်မှုထက် အဓိက Key Stakeholders အကျိုးရှင်များ၏ သဘောတူညီချက်ကို ရယူနိုင်ရေး ချဉ်းကပ်မှု ပိုကဲသည်။ လူထုပါဝင်မှု၏ အရေးပါမှုကို သိပ်အားမကိုးဟု ဆိုနိုင်သည်။ ပင်လုံညီလာခံ ထောက်ခံပွဲများ၊ ဘာသာပေါင်းစုံ ဆုတောင်းပွဲများကို လက်ရှိအစိုးရနှင့် အာဏာရပါတီတို့က လုပ်သလောက်တော့ လုပ်ကြသည်။ သို့သော် Peace Building သီအိုရီအရ စစ်မှန်သော More People လူထုပါဝင်မှု လှုပ်ရှားမှုများဟုတော့ မဆိုနိုင်ပေ။ မြန်မာအစိုးရ အဆက်ဆက်၏ ဖန်တရာတေနေပြီဖြစ်သော လူထုအင်အားပြပွဲများ အဆင့်သာဖြစ်သည်။ 

Key People Vs More People လော၊ Key People With More People လော

အဓိက Key People များ၏ ဆုံးဖြတ်ချက်များ၊ မူဝါဒများသည် ပဋိပက္ခ၏ အနာဂတ်ကို သတ်မှတ်နိုင်စွမ်းရှိပေရာကား ၎င်းတို့အချင်းချင်း ချိတ်ဆက်အလုပ်လုပ်ကြခြင်းသည် အရေးပါသော ချဉ်းကပ်မှုတစ်ရပ်ဖြစ်သည်။ အလွတ်သဘောတွေ့ဆုံမှုများ၊ ၂၁ ရာစု ပင်လုံညီလာခံကဲ့သို့ တရားဝင် မျက်နှာစုံညီ တွေ့ဆုံခြင်းများမှတစ်ဆင့် ပဋိပက္ခများကို နိုင်ငံရေးအရ အဖြေရှာနိုင်ခြင်းပန်းတိုင်ကို ရောက်ရှိသွားနိုင်သည်။ Key People ချဉ်းကပ်မှုဗျူဟာသည် ငြိမ်းချမ်းရေးဖြစ်စဉ်၏ အရေးကြီးသော မျက်နှာစာ ဖြစ်သည်။ သို့သော် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း၏ အခြားမျက်နှာစာ တစ်ခုလည်းဖြစ်သော More People ချဉ်းကပ်မှုကိုလည်း ဝါဒဖြန့်၊ အင်အားပြရုံမျှသာ ဆောင်ရွက်ခြင်း မပြုအပ်ပေ။ ငြိမ်းချမ်းရေးကို လိုလားသော စစ်မှန်သောငြိမ်းချမ်းရေးကို ဆာလောင်သော လူထုရှိနေခြင်းသည် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းအတွက် ကောင်းမွန်သော ထည့်ဝင်မှုတစ်ရပ်အဖြစ် မူဝါဒချမှတ်သူများက မြင်သင့်ပါသည်။ 

ငြိမ်းချမ်းရေးဆိုင်ရာ လူထုလှုပ်ရှားမှုများကို အားပေးအားမြှောက်ပြုပေးရမည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြုလုပ်နေသော ငြိမ်းချမ်းရေးစကားဝိုင်းများသည် ပင်လုံချဉ်းကပ်မှုနှင့်အတူ More People ချဉ်းကပ်မှုဟု ဆိုနိုင်သည်။ ထို့ထက်ပို၍ ငြိမ်းချမ်းရေးဖြစ်စဉ်၏ နောက်ထပ် အဓိက ကစားသမားများဖြစ်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များကလည်း ယင်းသို့ လူထုဆွေးနွေးမှု Public Consultation များ ပြုလုပ်လျှင်ဖြင့် များစွာ အကျိုးရှိနိုင်သည်။

လူထုကို ငြိမ်းချမ်းရေး အသိပညာပေးခြင်းသည်လည်း Peace Building ၏ More People ချဉ်းကပ်မှု ခြေလှမ်းများ ဖြစ်သည်။ အာဏာရအစိုးရ (သို့မဟုတ်) တပ်မတော် (သို့မဟုတ်) တိုင်းရင်းသား တော်လှန်ရေးအင်အားစုတို့က ၎င်းတို့ကို ထောက်ခံသူများအား စုဝေးစေကာ ၎င်းတို့၏ မူဝါဒအစဉ်များ Policy Agenda များကို သင့်မြတ်လှပါကြောင်း စုဝေးပြောကြားခြင်းကို ငြိမ်းချမ်းရေး အသိပညာပေးခြင်းဟု မဆိုနိုင်ပါ။ ပဋိပက္ခများကို အကြမ်းမဖက်ဖြေရှင်းပုံ၊ အသွင်ပြောင်းပုံ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း၊ သာတူညီမျှ၊ တန်းတူညီမျှခြင်း၊ လွတ်လပ်ခြင်း၊ ပြန်လည်သင့်မြတ်ခြင်းတို့၏ အလှတရားများကို လူထုသိစေရန် တရားဝင် သင်ရိုးညွှန်းတမ်းမှဖြစ်စေ၊ ကျောင်းပြင်ပ ပညာပေးရေးအစီအစဉ်များမှဖြစ်စေ၊ Media ပေါင်းစုံမှဖြစ်စေ ဆောင်ရွက်ခြင်းဖြင့် အနာဂတ်အတွက် ငြိမ်းချမ်းရေးသတိကြီးသော လူ့အဖွဲ့အစည်းကို ဖော်ဆောင်ရန် ရင်းနှီးမြှုပ်နှံသင့်ပါသည်။

နိဂုံးအနေနှင့်ဆိုရသော် တိုက်ပွဲများ မဖြစ်ရန်အတွက် လူကြီးများ စကားပြောဆို သဘောတူညီမှု ရဖို့လိုသည်။ တရားဝင် ကတိကဝတ် စာချုပ်စာတမ်းများ လိုသည်။ ထို့အတူ ရေရှည်တည်တံ့သော တိမ်မြုပ်နေသည့် ပဋိပက္ခကင်းစင်သော လူ့အဖွဲ့အစည်းဖြစ်စေရန် ငြိမ်းချမ်းရေးအသိကြီးသော အသင့်ရှိသောလူအုပ်ကြီးလည်း လိုသည်။

သန့်ဇင်စိုး