News

POST TYPE

POLITICAL

မြန်မာရေဘေး ကုလ ကူညီမည်
ရန်ကုန်၊ ဩဂုတ် ၂

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် နိုင်ငံအနှံ့ ရေကြီးနေသောဖြစ်စဉ်ကြောင့် ရေဘေးရှောင်နေရသည့် ရေဘေးဒုက္ခသည်များအတွက် ကူညီထောက်ပံ့မည်ဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။

ရေဘေးသင့်ပြည်သူများကို ကယ်ဆယ်ကူညီရေးအတွက် ကုလသမဂ္ဂ အဖွဲ့အစည်းများက အစိုးရ၊ ဒေသတွင်း အရပ်ဘက် NGO များနှင့်ပူးပေါင်းကာ ကယ်ဆယ်ကူညီရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း UN က ထုတ်ပြန်ခဲ့သည်။

ရေဘေးသင့် ပြည်သူများကို ကူညီထောက်ပံ့မှုများ လုပ်ဆောင်သွားရန် UN အနေနှင့် အသင့်အနေအထား ဖြစ်နေပြီဖြစ်ကြောင်း၊ NGO များနှင့်ချိတ်ဆက်ကာ ကူညီမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မြန်မာအပါအဝင် မုတ်သုံမိုးကြောင့် ရေဘေးသင့်နေသည့်နိုင်ငံများကို ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် ကူညီသွားမည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လလယ်ကစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး စသည့်ဒေသများတွင် ရေကြီးနစ်မြုပ်မှုများကြောင့် လူဦးရေ တစ်သိန်းခွဲခန့် ရေဘေးသင့်နေပြီး အိမ်ခြေပေါင်း နှစ်သောင်း ရှစ်ထောင်ကျော် နေရပ်စွန့်ခွာနေရကြောင်း၊ အနည်းဆုံး လူ ၁၂ ဦးခန့် သေဆုံးခဲ့ကြောင်း အစိုးရက သတင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် ရေဘေးတွင် UN အနေနှင့် အားဖြည့်ပါဝင်လာမည်ဟု သိထားရပြီး မည်သို့ ဆက်လက်ကူညီသွားမည်ကိုတော့ သိရှိရခြင်း မရှိသေးကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။

“လက်ရှိတော့ UN ရဲ့ တိုက်ရိုက် ထောက်ပံ့တာတော့ မရှိသေးဘူး။ သူတို့က ကူညီပေးမယ်ဆိုပြီးတော့ ထုတ်ပြန်ပေးတာပေါ့။ ဘယ်လိုပုံစံမျိုးလဲဆိုတာတော့ မသိရသေးဘူးပေါ့”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် နိုင်ငံတကာကို အကူအညီတောင်းခံလုပ်ဆောင်ခြင်း မရှိသေးဘဲ ပြည်တွင်းတွင် ဖြေရှင်းဆောင်ရွက်နေပြီး ကုလသမဂ္ဂသာမက အာဆီယံနိုင်ငံများက လိုအပ်သည့် အကူအညီများပေးမည်ဟု အသိပေးမှုများရှိပြီး အာဆီယံ အာဟာရစင်တာမှလည်း ဆေးဝါးအချို့ ထောက်ပံ့မှုရှိခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

လက်ရှိတွင် ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်မှုများရှိနေပြီး သွားလာရခက်ခဲသည့်နေရာများသို့ လှူဒါန်းမှုများ မရောက်ရှိနိုင်သည့်ဖြစ်စဉ်များရှိနေပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အဆင့်မြှင့်ရန် လိုအပ်နေသေးကြောင်း မွန်ပြည်နယ် ဘီလင်းမြို့နယ်တွင် ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသည့် မွန်ပြည်နယ် လူငယ်ကွန်ရက်အဖွဲ့ဝင် ကိုထွန်းဇော်က ပြောကြားသည်။

“အချို့နေရာတွေ ကားလမ်းတွေ ရေတွေကျော်နေတော့ သွားလို့မရတာမျိုးရှိတယ် အစိုးရကော တပ်ဘက်ကပါ ကယ်ဆယ်ရေးတွေ လုပ်နေတယ်။ စားနပ်ရိက္ခာတွေ ပြင်ပ ပုဂ္ဂလိက အလှူရှင်တွေက ထောက်ပံ့တာတွေတော့ ရှိပါတယ်။ ရေရှည် သူတို့ဘဝတွေ ပြန်လည်ထူထောင်ဖို့ကတော့ အစိုးရက ဦးဆောင်မှဖြစ်မယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရေပြန်ကျဆင်းသောကြောင့် ကားလမ်းအချို့ ပြန်ပွင့်ပြီဖြစ်သော်လည်း ဒေသခံများအနေနှင့် နေအိမ်ကို မပြန်နိုင်ကြသေးဘဲ ရေဘေးဒုက္ခသည်များအဖြစ် ရှိနေကြဆဲဖြစ်သည်။

အရှေ့တောင်အာရှတွင် မြန်မာ အပါအဝင် ရေဘေးသင့်ပြည်သူများ၏ စားနပ်ရိက္ခာနှင့် လယ်ယာမြေ ပြန်လည်ထူထောင်နိုင်ရေးအတွက် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization) FAO က မြန်မာ၊ ဘင်္ဂလားဒေ့ရှ်အပါအဝင် နိုင်ငံ ၈ နိုင်ငံကို အမေရိကန်ဒေါ်လာ သန်း (၁၂၀) ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ချက်အရ သိရသည်။

J-08