News

POST TYPE

POLITICAL

စင်ကာပူ အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး ဒေါ်အောင်ဆန်းစုကြည် မတက်
01-Aug-2018
ရန်ကုန်၊ ဩဂုတ် ၁

စင်ကာပူနိုင်ငံတွင် ဇူလိုင်လ ၃၀ ရက်မှ ဩဂုတ်လ ၄ ရက်ထိ ပြုလုပ်မည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက The Voice သို့ အတည်ပြု ပြောကြားသည်။

အဆိုပါ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက်မည်ဖြစ်ကြောင်း ဦးမြင့်သူက ဆက်လက်ပြောကြားသည်။

ဦးကျော်တင်သည် ဒေါ်အောင်ဆန်းစုကြည်၏ကိုယ်စားအပြင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တက်ရောက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“သူက မနှစ်ကတည်းက Duty Allocation (တာဝန်ခွဲဝေမှု) အရ နိုင်ငံခြားရေး ဝန်ကြီးအဆင့် အစည်းအဝေးဆိုရင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီးက တက်ပါတယ်”ဟု ၎င်းကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးအပြင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်း တာဝန်ယူထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေနှင့် တက်ရောက်မည့် အစည်းအဝေးများတွင် ၅၁ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၊ ၁၉ ကြိမ်မြောက် အာဆီယံနှင့် အခြားသုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ ရှစ်ကြိမ်မြောက် အရှေ့အာရှ နိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီး အစည်းအဝေး၊ ၂၅ ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာ ဖိုရမ်စသည့် အစည်းအဝေးများ ပါဝင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ အစည်းအဝေးသို့ ကမ္ဘာ့ထိပ်သီး နိုင်ငံအသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများလည်း တက်ရောက်ရန် ရှိနေပြီး တရုတ်၊ အမေရိကန်၊ ဂျပန် အိန္ဒိယ၊ ဩစတြေးလျ၊ ဥရောပသမဂ္ဂနှင့် ကနေဒါနိုင်ငံတို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်မည်ဖြစ်သည်။

J-08