News

POST TYPE

POLITICAL

NCA နှင့် ၂၁ ရာစု ပင်လုံကို ပြန်လည်သုံးသပ်ရန် ငြိမ်းချမ်းရေးလူထု နှီးနှောဖလှယ်ပွဲမှ တိုက်တွန်း
30-Jul-2018

ရန်ကုန်၊ ဇူလိုင် ၂၉

အစိုးရက အကောင်အထည်ဖော်နေသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA သည် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် အာမခံချက် နည်းပါးသောကြောင့် NCA ကို ပြန်လည်သုံးသပ်သင့်ကြောင်း ငြိမ်းချမ်းရေးလူထု နှီးနှောပွဲဖလှယ်ပွဲ (ရန်ကုန်) မှ အစိုးရကို တိုက်တွန်းလိုက်သည်။

ငြိမ်းချမ်းရေးဖြစ်စဉ်အား လူထုကြား ပျံ့နှံ့သိရှိစေရန် ရည်ရွယ်ကျင်းပသည့် ငြိမ်းချမ်းရေး  လူထုနှီးနှောပွဲဖလှယ်ပွဲကို ပထမအကြိမ်အဖြစ် ကယားပြည်နယ် လွိုင်ကော်မြို့တွင် ကျင်းပခဲ့ကာ ယခုကျင်းပသည့် ငြိမ်းချမ်းရေး လူထုနှီးနှောဖလှယ်ပွဲ (ရန်ကုန်) ကို ဇူလိုင်လ ၂၇ ရက် မှ ၂၈ ရက်ထိ ရန်ကုန်မြို့တွင်ကျင်းပခြင်းဖြစ်ပြီး ကျန်ပြည်နယ်နှင့်တိုင်းဒေသများတွင်လည်း ဆက်လက်ကျင်းပမည်ဖြစ်သည်။

အခြေခံဥပဒေပြင်ဆင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တစ်ပြိုင်တည်း ဖော်ဆောင်ရန်၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုကို တားဆီးနေသော ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို ဖျက်သိမ်းရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးတန်းတူ ပါဝင်ခွင့်ရရန်စသည့် အချက်များအား အစိုးရနှင့် ငြိမ်းချမ်းလုပ်ငန်းစဉ်အား ဦးဆောင်နေသူများကို အဆိုပါပွဲက အကြံပြုတိုက်တွန်းထားသည်။

“အခု NCA ၊ ပင်လုံဆိုတာ လုပ်လာတာလည်းကြာပြီ မအောင်မြင်ဘူး၊ ဘာကြောင့်လဲဆိုတာ ပြန်သုံးသပ်ဖို့လိုပြီ၊ အခု NCA အတိုင်းသွားနေရင်တော့ ငြိမ်းချမ်းရေးက ဖြစ်လာမှာမဟုတ်ဘူး၊ အခု NCA က တပ်မတော်ရဲ့ ချုပ်ကိုင်မှုက အရမ်းကြီးမားတယ်၊ NCA မဟုတ်တဲ့ တခြားနည်းလမ်းတစ်ခုကိုလည်း စဉ်းစားသင့်ပါပြီ”ဟု အဆိုပါဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ရှင်းပြသည်။

အဆိုပါနှီးနှောဖလှယ်ပွဲကို တိုင်းရင်းသားနိုင်ငံရေးပါတီများဖြင့် ဖွဲ့စည်းထားသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA အရပ်ဘက်နိုင်ငံရေးအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် တိုးတက်သော ဒီမိုကရက်တစ်အင်အားစု PDF၊ လူငယ်နှင့် အမျိုးသမီးအဖွဲ့အစည်းများအပါအဝင် အဖွဲ့အစည်းပေါင်း ၁၃၀ မှ ကိုယ်စားလှယ် ၂၅၆ ဦး တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ပွဲကျင်းပရန် ခွင့်ပြုမိန့်မတင်သဖြင့် အဆိုပါပွဲကျင်းပရာ ခဝဲခြံမျက်မမြင်ကျောင်းသို့ မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးပိုင်းမှ တားဆီးမှုပြုလုပ်ခဲ့ကြသေးသည်။

အထက်ပါအကြံပြုချက်များကို ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် တိုင်းရင်းလက်နက်ကိုင်အဖွဲ့ အစည်းအသီးသီးသို့ ပေးပို့သွားမည်ဖြစ်သည်။  

ဝေလင်း