News

POST TYPE

POLITICAL

အခွန်တံဆိပ်ခေါင်း တရားမဝင် ရောင်းသူများကို အရေးယူမည်
28-Jul-2018
ရန်ကုန်၊ ဇူလိုင် ၂၈

ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ ခွင့်ပြုလိုင်စင်မယူဘဲ တရားဝင် ရောင်းချခွင့် ရရှိထားသူများမှတစ်ဆင့် ပြန်လည်၍ အခွန်တံဆိပ်ခေါင်း ရောင်းချသူများကို အရေးယူမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်သည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ တရားဝင်ရောင်းချခွင့်ပြုထားသူများမှာ အခွန်တံဆိပ်ခေါင်းများကိုမလိုအပ်ဘဲ ဝယ်ယူပြီး တစ်ဆင့်ခံ ပြန်လည်ရောင်းချသူများထံ အမြတ်တင်၍ ရောင်းချနေမှုများ ရှိနေသည်ကို စိစစ်တွေ့ရှိနေရသည့်အတွက် သက်ဆိုင်ရာ အခွန်ဥပဒေများအရ အရေးယူမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လတ်တလော တံဆိပ်ခေါင်းရောင်းချခွင့်လိုင်စင် ၃၅၁ ခု ချထားပေးထားပြီး ပြည်နယ်နှင့် တိုင်းအချို့တွင် ထပ်မံလျှောက်ထားသူများ ရှိနေသေးကြောင်း ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တရားမဝင် တံဆိပ်ခေါင်း ရောင်းချသူများကို ရုံးခွန်အက်ဥပဒေပုဒ်မ (၃၄) ပုဒ်မခွဲ(၃)အရ ထောင်ဒဏ် ၆ လဖြစ်စေ၊ ဒဏ်ငွေကျပ်ငါးသိန်းဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခြင်းခံရမည်ဖြစ်ပြီး မြန်မာနိုင်ငံ တံဆိပ်ခေါင်း အက်ဥပဒေ ပုဒ်မ (၆၉)အရ (ကျပ်တစ်ဆယ်တန်ကပ် တံဆိပ်ခေါင်းမှအပ အခြားတံဆိပ်ခေါင်းများ ရောင်းချလျှင်) ထောင်ဒဏ်ခြောက် လအထိ (သို့မဟုတ်) ငွေဒဏ်ကျပ်တစ်သိန်းအထိ (သို့မဟုတ်) ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

လတ်တလော ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တံဆိပ်ခေါင်းခွန် တန်ဖိုးများမှာ ကျပ် ၁၀၀၊ ၁၅၀၊ ၂၅၀ နှင့် ၃၀၀ တန်ဟူ၍ ထုတ်လုပ်ရောင်းချနေသော်လည်း တံဆိပ်ခေါင်းဈေးကွက်အတွင်း ယင်းဈေးထက်တင်၍ ရောင်းချနေကြကြောင်း အသုံးပြုသူများထံမှ သိရသည်။

S-04