News

POST TYPE

POLITICAL

ကျွန်တော်နှင့် လွှတ်တော် (၂)
28-Jul-2018
ဇွန်လထဲသို့ ဝင်လာပြီ။ အခြေခံပညာရေးရာသီ စပြီ။ မုတ်သုံဝင်ပြီ။ နေပြည်တော်တွင် လျှပ်စီးများ၊ မိုးပြင်းများ မကြာခဏ ဖြစ်ပေါ်နေသည်။ တောင်ညိုလမ်း၏ မိုးဦးသည် ရခိုင်ဆန်နေသည်။ သစ်ပင်သစ်တောအပြည့်နှင့် တောရိပ်တောင်ရိပ် စိမ်းနေသည်။ အထက်အညာအရပ်ဟု ထင်မှတ်စရာမရှိ။ ဟိုယခင်က အောက်ပြည်အောက်ရွာလို ဖြစ်နေသည်။ အဓိပတိကိုယ်တော်သည် အမြော်အမြင်ကြီးမားစွာနှင့် ဘဏ္ဍာကို ရေလိုသုံးကာ နေပြည်တော်အား တည်ခဲ့ပေသည်ကိုး။

လွှတ်တော်များ ပုံမှန်လည်ပတ်နေသည်။ လွှတ်တော်အငယ်စားဟုဆိုရသော ရေးရာကော်မတီများတွင် ဥပဒေကြမ်းကော်မတီနှင့် အခြားကော်မတီတချို့မှာ နိစ္စဓူဝ ပုံမှန်လုပ်ငန်းတာဝန်များနှင့် လှုပ်ရှားရှင်သန်နေပြီး အများစုမှာ ပြေပြေလျော့လျော့နှင့် နှေးနှေးဖြည်းဖြည်း ရွေ့နေသည်။ တိုင်းရင်းသားဒေသတချို့တွင် စစ်ပွဲများ ပြန်ပေါ်လာပြီး ပြည်တွင်း ငြိမ်းချမ်းရေး မှုန်ဝါးလာခြင်း၊ အချင်းချင်း ယုံကြည်မှု အားနည်းပျက်ပြားလာခြင်းအပေါ် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကော်မတီမှ မည်သည့်သဘောထားမှတ်ချက်မှ ပေးနိုင်ခြင်းမရှိ။ တိုင်းရင်းသားရေးရာဝန်ကြီး ရှိနေသော်လည်း တိုင်းရင်းသားစာပေ သင်ကြားရေးသည် ယခင်ထက် အရှိန်လျော့သွားသည်။ ခြောက်လတစ်ကြိမ် ကျင်းပရမည့် ပင်လုံညီလာခံသည် တစ်နှစ်ကျော်ကြာပြီးမှ အသံထွက်လာခဲ့သည်။ မည်သည့်အချက်များကြောင့် ဤသို့ကြန့်ကြာနှောင့်နှေးခဲ့ရသည်ကို သက်ဆိုင်ရာများမှ ရဲရင့်ပွင့်လင်းစွာ မပြောနိုင်ပေ။ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ရခိုင်အရေးနှင့်ပတ်သက်ပြီး သံတမန်ထိုးစစ်များ၊ ဖိအားများနှင့် နိုင်ငံအပေါ်၊ အစိုးရအပေါ် စော်ကားရိုင်းစိုင်းမှုများ ကြားနေမြင်နေရသော်လည်း နိုင်ငံတကာ ဆက်ဆံရေးကော်မတီသည် လှုပ်လှုပ်ရှားရှားမဖြစ်။ သဘောထားများ၊ မူဝါဒများလည်း တစ်ခုမှထွက်ပေါ်လာသည်ကို မတွေ့ရပေ။ တာဝန်ယူထားသူများသည် ရခိုင်အရေးကို စိတ်မှဝင်စားပါလေစ။ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီသည် နတ်ဘုရားပေးသောဆေးဖြစ်၍ ကျွဲကူးရေပါ အားလုံးပြေလည်သွားမှာပါဟု ထင်မှတ်နေကြလေသလားမသိ။ ရခိုင်မြောက်ပိုင်း၏ ပကတိအရှိတရားကို နားလည်ရန်ကြိုးစားသင့်ပါသည်။ ကော်မတီမှတာဝန်ရှိသူများသည် ထိုမြေ ထိုအရပ်သို့ တိုက်ရိုက်သွားရောက် မလေ့လာသင့်ဘူးလား။ ကော်မတီဝင်များက မတောင်းဆို မတင်ပြဘူးလား။ လွှတ်တော်တာဝန်ရှိသူများက ခွင့်မပြုတာလား။ ကျွန်တော်တို့ နားမလည်နိုင်ပါ။

လွှတ်တော်အသံ ပြည်သူ့အသံဆိုသော ဆောင်ပုဒ်သည် ၂၀၁၀ လွှတ်တော်များနှင့်အတူ ခေတ်စားလာခဲ့သည်။ ယနေ့ကာလ၌ နေရာ အရပ်ရပ်တွင် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ စီးပွားရေး မတည်ငြိမ်မှုဒဏ်ကို ခံနေရသော အခြေခံလူတန်းစားများ၊ လူလတ်တန်းစား အောက်လွှာများ၏အသံကို အမြဲကြားနေရသည်။ ဘဏ္ဍာရေးလိုငွေ ပြနေသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ အားရစရာမကောင်း။ နိုင်ငံခြားချေးငွေ များလာသည်။ ဗဟိုဘဏ်ကို အားကိုးနေရသည်။ နိုင်ငံ၏စီးပွားရေး တိုးတက်နှုန်းအပေါ် ပညာရှင်များအကြား ကွဲလွဲနေသည်။ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများကို ကျော်မတက်နိုင်သည်ကတော့ အမှန်ပင်။ စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီထံမှ သဘောထားများ၊ ဝေဖန်အကြံပြုချက်များ မကြားရပေ။

ဇွန်လ ပထမပတ်အတွင်း အမျိုးသား ပညာရေးကော်မရှင်၏ အစီရင်ခံစာသည် ပြည်ထောင်စုလွှတ်တော်ထဲ ရောက်လာသည်။ ကိုယ်စားလှယ်တော်များ ဆွေးနွေးရတော့မည်။ မျက်မှောက်မြန်မာ့ပညာရေးသည် ကျေနပ်အားရစရာ ဖွံ့ဖြိုးတိုးတက်နေပါသလော။ နိုင်ငံတကာ မစဉ်းစားဘဲ အာဆီယံအဆင့်တွင် မိမိတို့၏နေရာအဆင့်က ဘာလဲ။ မူဝါဒဆိုင်ရာ စိန်ခေါ်မှုတွေက ဘာလဲ။ ရဲရဲရင့်ရင့်လုပ်ရမည့် ပြုပြင်ပြောင်းလဲရေးကို ဘယ်ကစပြီး ဘယ်လိုလုပ်ကြမလဲ စသောစသော မေးခွန်းများအတွက် အယူအဆ၊ အတွေးအမြင်များကို မမြင်မတွေးရဘဲ ကော်မတီဖွဲ့စည်းမှုများ၊ လူပုဂ္ဂိုလ်စာရင်းများ၊ အစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ ရှေ့လုပ်ငန်းစဉ်မှတ်တမ်းများကို တွေ့ရသည်။ လမ်းဟောင်းကြီးမှ ခွဲမထွက်နိုင်သေးပါ။ မိမိတို့အားနည်းချက်၊ ချို့ယွင်းချက်များကို ဖွင့်မပြရဲ။ အခက်အခဲ အဟန့်အတားများကို မဝေဖန်ရဲ။ စိန်ခေါ်မှုများကို မသိနားမလည်သလို လက်ရှောင်နေသည်။ လွှတ်တော်ထဲတွင် ပညာရေးဝန်ကြီးက ကတိကဝတ် ပြုထားသော တက္ကသိုလ်ပဋိညာဉ်များ ရေးဆွဲခြင်းကိစ္စ ဘယ်ကမ်း ဘယ်သောင် ဘယ်ခရီး ရောက်နေပြီလဲ။ ကျောင်းသားများ၊ ဆရာများလောကတွင် တအုံနွေးနွေးနှင့်ရှိနေသော တက္ကသိုလ်ကျောင်းသားသမဂ္ဂကိစ္စသည် အမျိုးသားပညာရေးကော်မရှင်နှင့် သက်ဆိုင်ပုံ မရချေ။ ပညာရေးလောကမှ အာဏာပိုင်များ၊ ပညာရှင်ကြီးများအတွက် ကျောင်းသားသမဂ္ဂဆိုသည်မှာ ဟိုယခင်နေ့ရက်များက ဖက်ဒရယ်ဝေါဟာရလို ဖြစ်နေသည်။ ဖက်ဒရယ် တစ္ဆေကတော့ ကွယ်လွန်သွားခဲ့ပြီ။ သမဂ္ဂတစ္ဆေကတော့ ဒီမိုကရေစီ အစိုးရဟု ပေါ်ထွက်လာသည့်တိုင် ရှင်သန်ခြောက်လှန့်နေဆဲပါ။

လွှတ်တော်ကိုယ်စားလှယ်ကြီးများ၏ ဆွေးနွေးချက်များတွင် ထပ်မက ထပ်နေသော ကလီရှေးဝေါဟာရမှာ အစမ်းသပ်ခံပညာရေးဖြစ်သည်။ ဟုတ်ပြီ။ ဘယ်လိုရိုက်ချိုးဖောက်ထွက်ကြမလဲ။ အစမ်းမသပ်ခံ ပညာရေးသစ်ကို ဘယ်လိုပြုပြင်ပြောင်းလဲမည်နည်း။ လွှတ်တော်ထဲရှိ ဥက္ကဋ္ဌများ အပါအဝင် ကိုယ်စားလှယ်တော်များအားလုံးသည် ဤမြန်မာ့ပညာရေးမှ မွေးထုတ်လိုက်သူများဖြစ်သည်။ သားကောင်များလော၊ သားကောင်းများလော ကျွန်တော် မဝေခွဲတတ်ပါ။ ပညာရေးရေချိန် နိမ့်သည်ကတော့ အမှန်ပင်။ သင်္ချာ၊ ရူပ၊ ဓာတုကို မြန်မာလိုသင်ဖို့ ဆွေးနွေးကြပါသတဲ့။ ဤတွင် သင်သင့် မသင့် သဘောထား ကွဲတော်မူကြလေသည်။ နဝမတန်း၊ ဒသမတန်း ပြဋ္ဌာန်းစာအုပ်ကိုမှ ကြည့်ဖူးကြပါလေစ။ New Maths ကို မသိ။ Calculas ကို မကြားဖူးသူများ ပါနေသည်မှာတော့ အံ့ဩစရာ မရှိပါချေ။ Integration Differentiation သည် အခြေခံပညာသင်ရိုးထဲ ဆင်းလာ ပြီ။ dy/dx ကို မြန်မာလို မည်သို့ရေးမည်နည်း။ A, B, C ဟု မရေးဘဲ က၊ ခ၊ ဂ ဟု ရေးမည်လား။ အဆိုတစ်ခု၊ အစီရင်ခံစာတစ်ခုကိုကျွမ်းကျင်ရာ လိမ္မာရာအသိဖြင့် မဟုတ်ဘဲ ဖန်သားပြင်ပေါ်တွင် ကိုယ်ယောင်ပြဆွေးနွေးကာ ဒေသခံမဲဆန္ဒရှင်များအတွက် ဇာတ်မင်းသားလုပ်ပြသည့် ကိုယ်စားလှယ်များ ဖြစ်နေကြပြီလား။

ကျွန်တော်သည် ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးရေးကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ မိမိပညာရေး၊ မိမိစိတ်ဝင်စားသော နယ်ပယ်၊ မိမိဘဝနှင့် မည်သို့မျှ မပတ်သက်သောကိစ္စရပ် ဖြစ်နေသည်။ မည်သည့်စံနှုန်းများနှင့် ကျွန်တော့်အား ရွေးချယ်ခဲ့သည်ကို ကျွန်တော်မသိ။ ကျွန်တော့်သဘောထားကို မေးမြန်းခြင်းလည်း မရှိပါ။ ကော်မတီပြောင်းရန် လျှောက်ထားရဦးမည်ဆိုတော့ ရှိပါစေတော့နှင့် ၂ နှစ်ကျော်လာခဲ့ပေပြီ။

ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဖက်ဒရယ်အရေးတို့တွင် မိမိသည် တစ်စုံတစ်ရာ နီးနီးစပ်စပ် ရှိသည်။ လွှတ်တော်စတင်ပြီး ရေးရာကော်မတီများ ဖွဲ့တုန်းက NCA တို့ ဖက်ဒရယ်တို့နှင့် အနည်းငယ်စိမ်းသော ရခိုင်ကိုယ်စားလှယ်တစ်ဦးကို ပြည်တွင်းငြိမ်းချမ်းရေး ကော်မတီမှာ ထည့်ထားသည်။ မလွဲသင့်သော အလွဲများဖြစ်သည်။ ကျွန်တော်ပါဝင်သော ကော်မတီက ဗဟိုဘဏ်ကို ငွေကြေးစနစ်ကို ပညာရပ်ဆိုင်ရာအရ နှံ့စပ်နေရမည့်အဖွဲ့ ဖြစ်သည်။ ဘဏ်ဆိုင်ရာငွေကြေးဆိုင်ရာ ဥပဒေဟောင်းများ၏ အားနည်းချက်များကို လေ့လာဆန်းစစ်၊ ဥပဒေသစ်များ ပြဋ္ဌာန်းရေးကို ဦးတည်ရမည်။ ဗဟိုဘဏ်အကြောင်းကို ကကြီး ခခွေး မသိသူ ကျွန်တော် ဘာစလုပ်ရမှန်း မသိခဲ့။ ဒေါ်လာဈေးတွေ တက်တာကျတာကို သိသည်။ ဘာကြောင့် ဘယ်လိုဖြစ်သလဲကိုမသိ။ ဘယ်လိုထိန်းရမလဲဆိုတာ မိမိနှင့်မိုင်ပေါင်းကုဋေ ဝေးသည်။ မိမိနည်းတူ ထိုနည်း၎င်းများသည် ကော်မတီတိုင်းမှာ ရှိကြပေလိမ့်မည်။ ဝတ်ကျေတမ်းကျေ အစည်းအဝေးများနှင့်သာ ကော်မတီ၏ရုပ်ပုံလွှာကို ခံစားနေမိတော့သည်။

လွှတ်တော်မေးခွန်းအများစုမှာ ဒေသဖွံ့ဖြိုးရေးဖြစ်သည်။ မဖွံ့ဖြိုး မတိုးတက်သော ကျေးလက်ဒေသများမှ ပညာရေး၊ ကျန်းမာရေး၊ လမ်း၊ တံတား၊ လျှပ်စစ်မီးပြဿနာများ ဖြစ်သည်။ ဒေသအာဏာပိုင်များ၊ ဌာနဆိုင်ရာများ၏ မလျော်မကန် အကျင့်ပျက်မှုများလည်း မေးခွန်းအဖြစ် ပေါ်လာတတ်သည်။ ရှေးယခင် လယ်သိမ်း၊ မြေသိမ်းကိစ္စများမှာ မပြီးပြတ်နိုင်သေးပေ။ မေးခွန်းများသည် ပြည်နယ်နှင့် တိုင်းဒေသကြီးများနှင့်ဆိုင်လျှင် ထိုမှပေးပို့လာသော ဖြေကြားချက်များကို ပြည်ထောင်စုဝန်ကြီးမှ ဖတ်ပြခြင်းသာဖြစ်သည်။ တစ်ဆက်တစ်စပ်တည်းမေးခွန်းကိုလည်း အဆင်ချောအောင် ဖြေပေးကြသည်။ ဖွံ့ဖြိုးရေးကိစ္စများတွင် ကိုယ်စားလှယ်များနှင့် ဒေသအာဏာပိုင်တို့ ညှိနှိုင်းထားချက်ကို သက်ဆိုင်ရာဝန်ကြီးဌာနမှ နှစ်စဉ်ဘဏ္ဍာငွေအလိုက် အကောင်အထည်ဖော်သွားလျှင် မေးခွန်းအများကြီး ပေါ်လာစရာ မရှိပါချေ။

တင်ဒါလောကမှ အကျင့်ပျက်ခြစားမှုများနှင့် QC ပြဿနာသည် လွှတ်တော်ထဲတွင် မေးခွန်းများသာမက အဆိုအနေနှင့်ပါ ပေါ်လာသည်။ အဆိုရှင်မှာ သူ ကျွမ်းကျင်လိမ္မာသောဘာသာရပ်နယ်ပယ်မှဖြစ်၍ ထိထိမိမိ တန်ဖိုးရှိသည်။ ဝန်ကြီးထံမှ ကတိကဝတ်ထွက်လာသော်လည်း တိုးတက် ပြောင်းလဲမှု မရှိသေး။ ပြုပြင်ပြောင်းလဲရန် အချိန်ယူရမည့်သဘော။ မြို့ငယ်မြို့လတ်များတွင် တင်ဒါပေးသူနှင့်ယူသူအကြား၊ ကုမ္ပဏီနှင့် QC အဖွဲ့တို့ကြား ချောမွေ့နေသည်။ ရခိုင်ပြည်နယ်တွင် တင်ဒါဝန်ကြီးက စည်းကမ်းဖောက်ကာ ပေးချင်သူကို ပေးသည်။ ပြည်နယ်အစိုးရမှာ QC အဖွဲ့ရှိသည်။ ဆွေမျိုးနီးစပ်ခင်မင်သူများကို ခေါ်ထည့်ထားသည်။ SRE အဆင့်ပင် မရှိကြ။ ဆီးသီးဗန်း မှောက်လေ၏။

ဆက်လက်ဖော်ပြပါမည်။
မောင်ခိုင်အောင် (စစ်တွေ)