News

POST TYPE

POLITICAL

ရခိုင်အရေးကိစ္စအတွက် လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေး
23-Jul-2018
ကုလသမဂ္ဂ၊ ဇူလိုင် ၂၃ 

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ဘင်္ဂါလီဒုက္ခသည်များ အရေးကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ် ဆွေးနွေးပွဲတစ်ရပ်ကို တနင်္လာနေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း Daily Star သတင်းစာက ရေးသားဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာနှင့် နယူးယောက်မြို့ အခြေစိုက် သံတမန် အသိုင်းအဝိုင်းမှ သတင်းရင်းမြစ်များ၏ အဆိုအရ UNSC ၏ လက်ရှိ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသော ဆွီဒင်နိုင်ငံက ရခိုင်ပြည်နယ် အရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးပွဲတစ်ရပ်ကျင်းပရန် အဆိုပြုခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီ လကုန်ပိုင်းအတွင်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ UNSC ကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့သည့်နောက်ပိုင်း တိုးတက်ဖြစ်ထွန်းမှုများ၊ ရိုဟင်ဂျာ (ဘင်္ဂါလီ) ဒုက္ခသည်များ နေရပ်ပြန်ရေး၊ ပြန်လည်ထူထောင်ရေး စသည်တို့အတွက် ပြင်ဆင်ထားမှုများနှင့် ပတ်သက်၍ ဆွေးနွေးကြမည်ဖြစ်သည်။

ပြီးခဲ့သည့် မေလ ၁ ရက်နေ့ မြန်မာ နိုင်ငံသို့ လာရောက်လည်ပတ်ခဲ့စဉ်က UNSC မှ သံအမတ်ကြီးများက လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှု၊ မုဒိမ်းပြုကျင့်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ရွာမီးရှို့မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ အမျိုးသမီးများနှင့် ကလေးငယ်များကို ဖိနှိပ်မှု စသည်တို့ကို စုံစမ်းဖော်ထုတ်ရန် မြန်မာအာဏာပိုင်များကို ပြောဆိုခဲ့ကြသည်။

UNSC ၏ အဆိုအရ ယခုနောက်ဆုံး မြန်မာ့အရေးကိစ္စဆိုင်ရာ တံခါးပိတ် ဆွေးနွေးပွဲကို တနင်္လာနေ့ မွန်းလွဲ ၃ နာရီ (နယူးယောက်စံတော်ချိန်) တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

ယင်းဆွေးနွေးပွဲတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ခရစ္စတင်းရှာရန် နာဘာဂနာက ဇူလိုင်လ ၁၄ မှ ၁၆ ရက်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်နှင့် ဇွန်လအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တို့နှင့်ပတ်သက်၍ အကျဉ်းချုံးပြောဆိုမည်ဖြစ်သည်။

F-01