News

POST TYPE

POLITICAL

လားရှိုးတွင် စားသုံးရန် မသင့်သည့် စားသုံးကုန်နှင့် ဆေးဝါးကျပ်သိန်း ၆၀၀ ကျော်ဖိုး ဖျက်ဆီး
23-Jul-2018


လားရှိုး၊ ဇူလိုင် ၂၂

စားသုံးရန်မသင့်သည့် အစားအသောက်များနှင့် ဆေးဝါးများကို စစ်ဆေးဖမ်းဆီးသိမ်းဆည်းနေရာ၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇူလိုင်လအထိ ကျပ်သိန်း ၆၀၀ ကျော် တန်ဖိုးရှိ စားသုံးရန်မသင့်သော အစားအသောက်များ၊ ဆေးဝါးများနှင့် ပိုးသတ်ဆေးများကို ဖျက်ဆီးနိုင်ခဲ့ကြောင်း လားရှိုးမြို့ရှိ စားသုံးသူရေးရာဦးစီးဌာနထံမှ သိရသည်။ 

“တရုတ်ဘက်က တရားမဝင်တင်သွင်းလာတဲ့ စားသုံးရန်မသင့်တဲ့ အစားအသောက်တွေအပြင် လိုင်စင်မရှိ၊ ထောက်ခံချက် မရှိတဲ့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေ၊ သက်တမ်းလွန်ဆေးဝါးတွေနဲ့ တရားမဝင်တင်သွင်းလာတဲ့ အခြားကုန်ပစ္စည်းတွေကို ဖျက်ဆီးနိုင်ခဲ့ပါတယ်”ဟု လားရှိုးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဦးမြတ်မင်းစိုးက ပြောဆိုသည်။

အဆိုပါ ပစ္စည်းများကို တရုတ်ဘက်မှတင်သွင်းလာရာ၌ မူဆယ် ၁၀၅ မိုင်နှင့် သိန်းနီရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတို့မှ စစ်ဆေးဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး လားရှိုးမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံများနှင့် ဆေးဆိုင်များမှလည်း သက်တမ်းလွန် ဆေးဝါးများကို သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

စားသုံးသူရေးရာဦးစီးဌာနနှင့် FDA ပါဝင်သည့် ပူးပေါင်းအဖွဲ့က လားရှိုးမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံများနှင့် ဆေးဆိုင်ပေါင်း ၄၂ ဆိုင်၊ အခြေခံပညာ ကျောင်းများရှိ မုန့်ဈေးဆိုင်ပေါင်း ၁၅၆ ဆိုင်၊ စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်များကို ဝင်ရောက်စစ်ဆေးခဲ့ပြီး အသိပညာပေး လုပ်ငန်းများကိုလည်း ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း အဆိုပါဌာနထံမှသိရသည်။

R-07


  • VIA