News

POST TYPE

POLITICAL

ALD ပါတီကိုယ်စားလှယ်လောင်းကို ကန့်ကွက်လွှာခရိုင်ရွေးကောက်ပွဲကော်မရှင်က ပယ်ချ
23-Jul-2018

စစ်တွေ၊ ဇူလိုင် ၂၂

လစ်လပ်နေသော ရသေ့တောင် မဲဆန္ဒနယ် အမှတ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD) မှ ကိုယ်စားလှယ်လောင်း ဦးသိန်းမောင်ကို ရခိုင်အမျိုးသားပါတီ (ANP) က ကန့်ကွက်လွှာတင်ရာ စစ်တွေခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ပယ်ချလိုက်ကြောင်း ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးခင်မောင်ဦးထံက သိရသည်။

ဦးသိန်းမောင်အား ရခိုင်အမျိုးသားပါတီမှ ကန့်ကွက်သည့် အချက်လက်များမှာ ရွေးကောက်ပွဲကော်မရှင်၏ ဥပဒေ၊ နည်းဥပဒေတို့တွင် ဖော်ပြထားခြင်း မရှိသည့်အတွက် ကန့်ကွက်လွှာကို ဇူလိုင်လ ၂၀ ရက်က ပယ်ချလိုက်ကြောင်း ဦးခင်မောင်ဦးက ရှင်းပြသည်။

“သူကိုယ်တိုင်က ဆန္ဒမရှိလို့ နုတ်ထွက်ခွင့် နှစ်ကြိမ်တင်ထားပြီးပြီ၊ နုတ်ထွက်ခွင့်ပေးမပေးကတော့ ANP ရဲ့ သဘောဖြစ်တယ်။ အဲဒါ ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ တခြားရှင်းစရာရှိလည်း သူတို့ဟာ သူတို့ ရှင်းရမှာ။ ကျွန်တော်တို့နဲ့မဆိုင်၊ ပါတီနဲ့ဆိုင်တယ်။ ရွေးကောက်ပွဲ ဥပဒေမှာလည်း အဲဒီကိစ္စတွေနဲ့ ထည့်သွင်းဖော်ပြထားတာမရှိဘူး”ဟု ၎င်းက ဆိုသည်။

ထိုသို့ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးက ကန့်ကွက်လွှာအား ပယ်ချလိုက်သော်လည်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ထံ တစ်ပတ်အတွင်း အယူခံဝင်လိုလျှင် ဝင်နိုင်သည်ဟု အမိန့်ထုတ်ပြန်လိုက်ကြောင်း စစ်တွေခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရသည်။

“သူတို့က တိုင်းဒေသကြီး သို့မဟုတ်။ ပြည်နယ်ရွေးကောက်ပွဲဥပဒေကိုင်ပြီးတော့ ပယ်ချတယ်ပေါ့။ ကျွန်တော်တို့ကတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် အဲဒီဥပဒေကို ကိုးကားပြီး ပြည်နယ်မှာ အယူခံဝင်သွားမယ်”ဟု ရခိုင်အမျိုးသားပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း (ကန့်ကွက်သူ) ဦးမောင်လှမြင့်က ဆိုသည်။

ရခိုင်အမျိုးသားပါတီ၏ ဖွဲ့စည်းပုံ အခန်း (၈) ပုဒ်မ ၆၅ တွင် ပါတီဝင်တစ်ဦးသည် ပါတီဝင် သို့မဟုတ် ပါတီအဖွဲ့အစည်းဝင်အဖြစ်မှ မိမိဆန္ဒအလျောက်အချိန်မရွေး နုတ်ထွက်ခွင့်ရှိသည်၊ သို့ရာတွင် ပါတီဝင်ဖြစ်စဉ် တစ်စုံတစ်ရာ ရှင်းလင်းရန်ရှိပါက ထိုကိစ္စရှင်းလင်းပြီးမှ နုတ်ထွက်ခွင့်ပြုမည်၊ ဤကိစ္စကိုလည်း ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီမှ အပြီးအပြတ်ဆုံးဖြတ်ရမည်ဟု ဖော်ပြထားသည့်အတွက် မိမိဆန္ဒအလျောက် နုတ်ထွက်ခြင်းဖြစ်ကြောင်း၊ တစ်စုံတစ်ရာ ရှင်းလင်းစရာလည်းမရှိကြောင်း ဦးသိန်းမောင်က ပြောကြားသည်။

ဦးသိန်းမောင်သည် ရခိုင်အမျိုးသားပါတီ ရသေ့တောင်မြို့နယ်တွင် ဒုတိယဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်လွှာတင်ကာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ရန် အဆိုပြုထားသူဖြစ်သည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီမှ ဦးဖိုးမင်းသည် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မှ အနိုင်ရရှိခဲ့ပြီး ပြည်နယ်လွှတ်တော်တွင် ဒုတိယဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ကွယ်လွန်သွား၍ ယင်းသို့ လစ်လပ်နေခြင်းဖြစ်သည်။

နိုဝင်ဘာလ ၃ ရက်တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေသော ရသေ့တောင်မဲဆန္ဒနယ်၌ ရခိုင်အမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် တစ်သီးပုဂ္ဂလအဖြစ် ဒေါက်တာအေးမောင်၏ သားဖြစ်သူ ဦးတင်မောင်ဝင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားခြင်းဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ရခိုင်မျိုးချစ်ပါတီ (APP) တို့မှ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိပေ။

R-22