News

POST TYPE

POLITICAL

ဘင်္ဂလားဒေ့ရှ် နယ်စပ်ဆက်ဆံရေးရုံး ယခုနှစ်လယ်တွင် ဖွင့်မည်
19-Jul-2018

ရန်ကုန်၊ ဇူလိုင် ၁၈

မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတွင်း သတင်းအချက်ဖလှယ်ရန် ကော့ဘဇားခရိုင်၊ တက္ကနာ့ဖ်မြို့ ၌ ယခုနှစ်လယ်တွင် နယ်စပ်ဆက်ဆံရေးရုံး (BLO)ပထမဆုံးဖွင့်မည်ဖြစ်ကြောင်း အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်မှုဌာနချုပ်မှ ရဲမှူးကြီးဝင်းသိန်းက ပြောကြားသည်။

“အဓိကတော့ သတင်းအချက်ဖလှယ်ဖို့ နှစ်ဖက်နယ်စပ်ဆက်ဆံရေးရုံး ဖွင့်ဖို့ ကိစ္စကို ဆွေးနွေးကြတာပါ။ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ရဲ့ တွဲဖက်ညွှန်ချုပ်က မကြာခင်ဖွင့်တော့မယ် ပြောသွားတယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ နှစ်ဖက်တွေ့ဆုံမှုကို မြို့တော် ဒါကာရှိ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့ဌာနချုပ်၌ ယခုလလယ်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာဘက်ခြမ်းတွင်လည်း နယ်စပ်ဆက်ဆံရေးရုံးဖွင့်ရေးအတွက် ပြည်ထောင်စုအဆင့် တင်ပြရန် စီစဉ်မည်ဖြစ်ကြောင်း အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်ထံမှ သိရသည်။

နှစ်နိုင်ငံနယ်စပ်ဒေသရှိ မူးယစ်ကုန်ကူးမှု၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု၊ နယ်နိမိတ်စည်းမျဉ်းတစ်လျှောက် ကင်းလှည့်မှု အပါအဝင် ဒေသအဆင့်၊ တပ်ရင်းအဆင့်၊ ကင်းစခန်းအဆင့် သတင်းအချက်အလက်ဖလှယ်ရေးအတွက် နယ်စပ်ဆက်ဆံရေးရုံး (BLO) ဖွင့်ရန် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှု ဌာနချုပ်ထံမှသိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့များအကြား၌ (၅) ကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ ရဲဦးစီးအရာရှိချုပ်ဖြစ်သူ ရဲမှူးချုပ်မျိုးသန်း ဦးဆောင်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ အရာရှိများလည်း တက်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။

ထို့အပြင် ဇူလိုင်လ ၁၆ ရက် ညနေပိုင်းက မြန်မာနိုင်ငံနယ်စပ်ခြံစည်းရိုး ကျော်တက်၍ ဝင်ရောက်ရန် ကြိုးပမ်းသော ဘင်္ဂါလီအမျိုးသားနှစ်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သတိပေးပြောဆိုသော်လည်း လိုက်နာခြင်းမရှိသဖြင့် ပစ်ခတ်ဖမ်းဆီးကာ အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

J-17