News

POST TYPE

POLITICAL

တပ်မတော်က တအာင်း စစ်သမီး ၆ ဦးကို သတ်ဖြတ်ခဲ့ဟု TNLA စွပ်စွဲထုတ်ပြန်
18-Jul-2018 tagged as တပ်မတော် TNLA

ရန်ကုန်၊ ဇူလိုင် ၁၇

တပ်မတော်က သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသည့် တအာင်းပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) စစ်သမီးခြောက်ဦးကို သတ်ဖြတ်ခဲ့ကြောင်း TNLA ၏ တရားဝင် သတင်းနှင့်ပြန်ကြားရေးဌာနက စွပ်စွဲထုတ်ပြန်လိုက်သည်။

တပ်မတော်က တိုက်ပွဲတွင် ဖမ်းဆီးသွားသည့် TNLA ၏ ဆေးမှူးရဲမေ ၆ ဦး၏ အလောင်းများကို နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စု၊ အွယ်လောရွာအနီး ရွှေဂတ် (စ်) ပိုက်လိုင်းအနီးတွင် စွန့်ပစ်ထားသည်ကို ဒေသခံများက ဇူလိုင်လ ၁၄ ရက်က တွေ့ရှိခဲ့ပြီး အဆိုပါ TNLA အဖွဲ့ဝင်များသည် ဇူလိုင်လ ၁၁ ရက်က တပ်မတော်နှင့် TNLA တို့၏ တိုက်ပွဲတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

TNLA ၏ အဆိုပါ ဆေးမှူး ၆ ဦးတို့သည် သေနတ်ဒဏ်ရာဖြင့် နှစ်ဦးသာ ဦးခေါင်းနှင့် ခြေထောက်ပိုင်းတွင် တွေ့မြင်ရပြီး ကျန်သူများမှာ ဓားဒဏ်ရာနှင့် ရိုက်နှက်ထားခံရသည့် ညိုမည်းဒဏ်ရာများ တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ယင်းတို့၏ အလောင်း ၇ လောင်းကို ဒေသခံများက ၁၄ ရက် နေ့ညနေတွင် ကောင်းမွန်စွာ မီးသင်္ဂြိုဟ်ပေးခဲ့ကြကြောင်း ထုတ်ပြန်ချက်အရသိရသည်။

တပ်မတော်နှင့် TNLA တပ်များ ဇူလိုင်လ ၁၁ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယင်းနေ့တွင် တစ်ဦးကျဆုံးခဲ့ပြီး ခြောက်ဦးအဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

အဆိုပါ စွပ်စွဲချက်နှင့်ပတ်သက်၍ တပ်မတော်က ထုတ်ပြန်ထားသော သတင်းနှင့်ပြန်ကြားရေး တာဝန်ခံများထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းကိုင်ခြင်းမရှိသဖြင့် ဆက်သွယ်၍မရခဲ့ပေ။

နမ့်ခမ်းအနီးတစ်ဝိုက်တွင် ပြီးခဲ့သည့် ရက်ပိုင်းတစ်လျှောက် တိုက်ပွဲများပြင်းထန်ခဲ့ပြီး သေနတ်သံ၊ အမြောက်သံများ ဆက်တိုက်ကြားနေရကြောင်း သေနတ်သံများကြောင့် ဒေသခံများ မသွားလာရဲသည့်အတွက် အဖြစ်အပျက် အသေးစိတ်ကိုမသိကြောင်း နမ့်ခမ်းဒေသခံတစ်ဦးက The Voice သို့ ပြောကြားသည်။

“သေနတ်သံတွေကတော့ ဆက်တိုက်ကြားနေရတယ်။ တစ်ခါတလေ လူနေရွာထဲထိ ရောက်လာတယ်။ လူတွေကတော့ ဘယ်လိုလုပ် သေချာသိမလဲ သွားကြည့်လို့လည်းမရတော့ ဒီအဖြစ်အပျက်ကို ခွဲခြားရခက်ပါတယ်”ဟု ၎င်းက ဆိုသည်။

တအာင်းပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) သည် ၂၁ ရာစု ပင်လုံညီလာခံတတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ဝင်များတွင် ပါဝင်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံ၊ တပ်မတော် ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမှုများတွင် ပါဝင်ခဲ့သည်။  

J-08