News

POST TYPE

POLITICAL

RCSS မှ တပ်သားသစ်အဖြစ် လူငယ် ၅၀ ခေါ်ဆောင်၊ NLD ပါတီဝင် လေးဦးကို ပြန်လွှတ်
17-Jul-2018

ရန်ကုန်၊ ဇူလိုင် ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ် ကုန်းကတ်ကျေးရွာအနီးတစ်ဝိုက်မှ NLD ပါတီဝင်လေးဦး အပါအဝင် လူငယ် ၅၀ ခန့်ကို ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)မှ တပ်သားသစ်အဖြစ် ဇူလိုင်လ ၁၅ ရက်က ခေါ်ဆောင်ခဲ့ပြီး NLD ပါတီဝင်လေးဦး အမြန်ဆုံး ပြန်လွှတ်မည်ဟု RCSS မှ အကြောင်းပြန်ကြားခဲ့ကြောင်း လင်းခေးခရိုင် NLD ပါတီအတွင်းရေးမှူး ဦးအောင်မြတ်စိုးက ပြောကြားသည်။

ထိုသို့ ခေါ်ဆောင်ခြင်းခံခဲ့ရသောကြောင့် ၎င်းလေးဦးကို ပြန်လွှတ်ပေးရန် ဗိုလ်ချုပ်ကြီးရွက်ဆစ် RCSS/SSA ထံ လိပ်မူကာ ဇူလိုင်လ ၁၅ ရက်တွင် မေတ္တာရပ်ခံစာ ထုတ်ပြန်တောင်းဆိုခဲ့ခြင်းကြောင့် ထိုသို့ ပြန်လည်အကြောင်းပြန်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော့်ဆီကို အောက်ခြေရပ်ကျေးက တက်လာတဲ့သတင်းအရတော့ ပါတီဝင် လူငယ်လေးယောက် RCSS ရဲ့ တပ်သားသစ်စုဆောင်းတဲ့ထဲ ပါသွားတယ်လို့ပဲ သိရတာဗျ။ အယောက် ၅၀ လောက်ဆိုတာတော့ သေချာမသိဘူး။ အဲ့ဒါကြောင့် စာထဲမှာ NLD လူငယ်လို့ပဲသုံးပြီး ပြန်တောင်းလိုက်တာပါ။ ဘယ်တော့ လွှတ်မလဲတော့ မသိသေးဘူး။ သူတို့ကပြောပြီးရင် ကတိတည်ပါတယ်”ဟု ဦးအောင်မြတ်စိုးက ရှင်းပြသည်။

အဆိုပါမေတ္တာရပ်ခံစာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်ကြီး ရွက်ဆစ်တို့ ငြိမ်းချမ်းရေးရရှိရန် ပူးပေါင်းဆောင်ရွက်နေမှုအပေါ် ပါတီနှင့် ပြည်သူများက ကြိုဆိုလျက်ရှိပြီး ယခုအချိန်မှာ ငြိမ်းချမ်းရေးညီလာခံ ကျင်းပနေချိန်လည်းဖြစ်ကာ ပြည်သူလူထုကလည်း ငြိမ်းချမ်းရေးအား အမှန်တကယ် လိုလားတောင်းတနေသည့် အချိန်ဖြစ်သောကြောင့် NLD ပါတီဝင်လူငယ်များကို အမြန်ဆုံးပြန်လွှတ်ပေးပါရန်ဟု ပါဝင်သည်။

RCSS မှ တပ်သားသစ်အဖြစ်စု ဆောင်းခေါ်သွားသည်မှာ ကုန်းကတ်ကျေးရွာမှ NLD လူငယ်လေးဦးသာမက အနီးတစ်ဝိုက်ရွာများမှ လူငယ် ၅၀ ခန့်ဖြစ်ကြောင်း၊ ထိုသို့မခေါ်မီ ဒေသတစ်ဝိုက်မှ လူငယ်စာရင်းများကို RCSS မှ ကောက်ယူထားပြီး စာရင်းတွင်ပါဝင်သူများကို ကျေးရွာတာဝန်ရှိသူများနှင့် မိဘဆွေမျိုးတွေထံ အကြောင်းကြားထားသည်ဟုသိရကြောင်း နမ့်စန်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးနေဇော်နိုင်က အတည်ပြုပြောကြားသည်။

“ပြန်လွှတ်ပေးဖို့ တောင်းတဲ့အထဲမှာ NLD လူငယ်ရယ်လို့ရယ် မဟုတ်ဘူး။ ခေါ်သွားတဲ့သူ အကုန်လုံးကို ဆိုလိုတာပါ။ ဒါပေမဲ့ ဘယ်နှယောက်ပြန်လွှတ်မယ်တော့ မသိသေးဘူး။ အကောင်းဆုံးနဲ့ အတတ်နိုင်ဆုံး အမြန်လုပ်ပါ့မယ်ဆိုတာပဲ အကြောင်းပြန်ကြားထားတယ်”ဟု ဦးနေဇော်နိုင်ကရှင်းပြသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ RCSS/SSAသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပြန်လည် ဖြေဆိုခြင်းမရှိပေ။

RCSS/SSA သည် အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ၌ လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော်လည်း ဇူလိုင်လ ၉ ရက်မှ ၁၂ရက်နေ့ထိ မိုင်းကိုင်မြို့နယ်ရှိ ကျေးရွာတစ်ဝိုက်တွင် တပ်မတော်နှင့် RCSS/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

ဝေလင်း