News

POST TYPE

POLITICAL

မိုရေးညမထွက်ရ အမိန့်ကြောင့် တမူးဒေသခံများ သတိပြုသွားလာရန် ထွေ/အုပ် သတိပေး
ကလေး၊ ဇူလိုင် ၁၆

အိန္ဒိယနိုင်ငံ မိုရေးမြို့နယ်အတွင်း နယ်မြေမငြိမ်းချမ်းမှုကြောင့် ညမထွက်ရ အမိန့်ထုတ်ထားသဖြင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် တမူးမြို့၌လည်း ဒေသခံများအနေနှင့် သတိပြုသွားလာရန် သတိပေးထားကြောင်း တမူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။ 

အိန္ဒိယနိုင်ငံ မိုရေးမြို့နယ်အတွင်း ညမထွက်ရ အမိန့်ထုတ်ထားပြီး လုံခြုံရေးတင်းကျပ်နေခြင်းကြောင့် တမူးခရိုင်အတွင်း နေထိုင်သူများအနေနှင့် တစ်ဖက်နိုင်ငံအတွင်း ဝင်ထွက်သွားလာရာတွင် သတိပြုသွားလာကြရန် သတိပေးတားမြစ်ခဲ့ခြင်းဖြစ်ကြောင်း တမူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ညဘက်ကို ဒီဘက်ခြမ်းက ပုံမှန်အတိုင်းထင်ပြီး သွားတာလာတာတွေ လုပ်မှာစိုးလို့ အသိပေးထားတာပါ”ဟု တမူးမြို့ ဈေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်မောင်က ပြောဆိုသည်။ 

တမူးမြို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသော မိုရေးမြို့တွင် အိန္ဒိယနိုင်ငံ အစိုးရအဖွဲ့က ယခု ဇူလိုင်လ ၇ ရက်နေ့မှစ၍ ခြောက်လအထိ ည ၇ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ကို ထုတ်ပြန်ထားသည်။

အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် နယ်စပ်မှ အိန္ဒိယဘက်ခြမ်း၌ သုံးကီလိုမီတာအကွာအဝေးအတွင်း လူငါးဦးထက် ပိုမိုစုဝေးခြင်း၊ တားမြစ်ထားသည့် လက်နက်ကိရိယားများ ကိုင်ဆောင်ခြင်းတို့ကို တားမြစ်ထားကြောင်းကို တမူးခရိုင်နေထိုင်သူများ သိရှိစေရန် ဇူလိုင်လ ၁၄ ရက်နေ့တွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဒေသခံများ သိရှိစေရန်လည်း အသိပေးနှိုးဆော်ထားသည်။

“မိုးရာသီလည်းဖြစ်တယ်။ ဟိုဘက်မှာလည်း လုံခြုံရေးအခြေအနေ မတည်မငြိမ်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုတော့ အရောင်းအဝယ်တော့ နည်းနည်းကျတာပေါ့”ဟု မြန်မာ-အိန္ဒိယနယ်စပ် နန်းဖာလုံဈေးမှ ကုန်သည်တစ်ဦးက ပြောဆိုသည်။

R-20