News

POST TYPE

POLITICAL

ကာချုပ်မိန့်ခွန်းမှတစ်ဆင့် ငြိမ်းချမ်းရေးအတွက် ရှုမြင်ခြင်း
16-Jul-2018


ပင်လုံညီလာခံမှာပြောသွားတဲ့မိန့်ခွန်းကို ထောက်ရှုရင်နေရှင် နယ်လစ်တစ်ယောက်ရယ်လို့ ခံယူထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံရဲ့ ပံ့ပိုးမှုနဲ့ လုပ်နေရတဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေရမှုကို အလာဂျီဖြစ်နေပုံပါပဲ။ 

“ကျွန်တော်တို့မှာ အင်အားချည့်နဲ့နေလို့ မဟုတ်ဘူးဆိုတာ သတိပြုစေလိုပါတယ်” ဆိုတဲ့ သတင်းစကားက တရုတ်နဲ့ မြောက်ပိုင်းမဟာမိတ်တွေကို ပေးလိုက်တဲ့သတင်းစကားပါပဲ။ 

တပ်မတော်ရဲ့ရပ်တည်ချက်ဖြစ်တဲ့ NCA ထိုးပြီးမှ ဆွေးနွေးမယ်ဆိုတဲ့မူကို အထောက်အကူဖြစ်နိုင်လို့ လက်ခံပေမယ့် ဧရာမအိမ်နီးချင်းကြီးအပေါ် အားကိုးနေရသလိုဖြစ်တာကို ကြိုက်ဟန်မတူပြန်ပါဘူး။ အထူးသဖြင့် မြောက်ပိုင်းမဟာမိတ်တွေနဲ့ ပတ်သက်တဲ့ကိစ္စမှာ ဖြစ်ပါတယ်။ အားမနာတမ်းပြောရရင်တော့ မြန်မာဟာ ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းမှုအနေနဲ့ တရုတ်ရဲ့ ခါးပတ်လမ်းမကြီး One Belt One Road ရဲ့ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံလမ်းစီမံကိန်းနဲ့ အလဲအလှယ်လုပ်လိုက်တာပါပဲ။ တရုတ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ဒေသက တိုင်းရင်းသားတွေအတွက် သူတို့လက်နက်ကိုင်တော်လှန်ရေးမှာ တရုတ်ရဲ့ ကြည်ဖြူမှု မကြည်ဖြူမှုက အရေးပါလှပါတယ်။ ဒါ့အပြင် တရုတ်ရဲ့ ဩဇာညောင်းတဲ့ “ဝ” အဖွဲ့ဟာ ကေအိုင်အေ၊ တီအန်အယ်လ်အေ၊ မိုင်းလား၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း၊ ကိုးကန့်တို့အတွက်သာမက တစ်ဆင့်ခံဖြစ်တဲ့ အေအေအတွက်ပါ လက်နက်အထောက်အကူဖြစ်စေပါတယ်။ ဒါဟာလည်း ဒီတိုင်းရင်းသားတွေရဲ့ လက်နက်ကိုင်တော်လှန်ရေးအတွက် အရေးပါလှပါတယ်။ OBOR ကိုလက်ခံလိုက်တဲ့အတွက် ဒီလမ်းကြောင်းပေါ်မှာ တည်ငြိမ်မှုဖြစ်ဖို့အတွက် တရုတ်က ကြိုးစားတော့မှာဖြစ်ပါတယ်။ ဒီမှာ မြန်မာအစိုးရအနေနဲ့ သူပုန်တွေကို ဖိအားပေးဖို့ တရုတ်ကို အပူကပ်လို့ ရလာနိုင်သွားပြီဖြစ်ပါတယ်။ ဒါ့အပြင် တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို ရိုဟင်ဂျာ (ဘင်္ဂါလီ) ကိစ္စကိုပါ တပ်မတော်ရဲ့ ရပ်တည်ချက်အတိုင်းဖြစ်အောင် OBOR က အထောက်အကူပြုသွားပါတယ်။ နိုင်ငံတကာမျက်နှာစာမှာ တရုတ်ရဲ့ အကာအကွယ်ကို ရသွားစေပါတယ်။

တစ်ဖက်မှာလည်း ကေအိုင်အေနဲ့ တီအန်အယ်လ်အေဟာလည်း အလားတူဖြစ်နေပုံပါပဲ။ လက်တွေ့ဘဝနဲ့ ဆန္ဒနဲ့ တစ်ထပ်တည်းမကျတဲ့ အဖြစ်တွေပေါ့။ တရုတ်ရဲ့ဖိအားကို သူတို့နည်းသူတို့ဟန်နဲ့ ဆန္ဒပြပါတယ်။ တပ်မတော်က ကေအိုင်အေကို စစ်ရေးဖိအားတွေပေးနေခဲ့တော့ မူဆယ်ကိုဝင်တိုက်ပြီး ပြန်တုံ့ပြန်ပါတယ်။ တရုတ်နိုင်ငံသားတောင် အသေအပျောက် ရှိခဲ့ပါတယ်။ ဆက်စပ်လို့ပြောရရင် လွတ်လပ်မှုကိုကြိုက်တဲ့ ကေအိုင်အေအတွက် တရုတ်ရဲ့ ဓနကြီးထွားလာပြီး ကမ္ဘာ့အလယ်ပါဝါတက်လာတာ မူဝါဒဆိုင်ရာ ရပ်တည်ချက်တွေကို ပြန်ထိန်းညှိရတဲ့သဘောဖြစ်လာပါတယ်။ မြောက်ပိုင်းမဟာမိတ်အတွက် အခက်ဖြစ်နေတာကတော့ NCA ကို မထိုးသေးဘဲ နိုင်ငံရေးဆွေးနွေးလိုချင်နေတာပါ။ သူတို့အနေနဲ့ မယုံရဲသေးဘူး ဖြစ်နေပါတယ်။ ဒီလိုဖြစ်စရာကလည်း သူတို့ဘက်မှာ ပြန်ထောက်ပြနိုင်တဲ့သာဓကကလည်း ရှိနေတာကိုး။ “ဝ” အတွက်ကတော့ ထိုင်နေအကောင်းသား NCA ထိုးလိုက်မှ အခက်ကြုံရမှာကို သတိထားနေပါတယ်။ “ဝ” ရဲ့ လက်ရှိအနေအထားက ပြည်မရဲ့ အာဏာသက်ရောက်ခြင်းတောင်မရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြီးသား မဟုတ်လား။ အဲဒီတော့ NCA ကို အသေမထားဘဲ ဆုတ်လွယ်တက်လွယ်အနေအထားကို လိုချင်တာ မဟုတ်လား။

လောလောဆယ်မှာတော့ နှစ်ဖက်လုံးက အတူဆုံပြီး အကဲမဆတ်တဲ့ ပျော့တဲ့နယ်ပယ်တွေကို အရင်ဆွေးနွေးနေပြီး အရှိန်ယူနေကြတုန်းပါပဲ။ ဒီလိုစုဆုံစကားပြောနိုင်ဖို့ကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ လိုအပ်ချက်ဖြစ်ပါတယ်။ ကွာဟမှုကတော့ အကြီးကြီးပါပဲ။ ရွေးကောက်ပွဲတွေကို တည်ပြီး စဉ်းစားလာရတဲ့အတွက် လက်ရှိအစိုးရအတွက် ရည်မှန်းချက်က ၂၀၂၀ ဖြစ်ပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအတွက် ရေရှည် ယုံကြည်စိတ်ချရမှုဖြစ်တဲ့ ရက်သတ်မှတ်ချက်ပါပဲ။

ကာချုပ်ရဲ့မိန့်ခွန်းကို ပြန်ကောက်ရရင် သမိုင်းကြောင်းကို ပြန်ကောက်သွားတာကတော့ အငြင်းပွားစရာလိုဖြစ်ပေမယ့် ငြိမ်းချမ်းရေးမရတာ တပ်ကြောင့်ဆိုတဲ့ အပြစ်တင်ချက်တွေကို ချေပသွားတာပါပဲ။ အလားတူပါပဲ ကိုယ်စားပြုမှုနဲ့ပတ်သက်ပြီး ပြောဆိုသွားချက်ပါ။ 

ဒါတွေပြောတာဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ နိုင်ငံရေး ရည်မှန်းချက် (သို့မဟုတ်) စစ်တပ်အကြီးအကဲဘဝကနေ နိုင်ငံတော်အကြီး အကဲဖြစ်ချင်တာကြောင့်လည်း ဖြစ်နိုင်သလို တပ်မတော်က တပ်မှူးကြီးတွေရဲ့ နိုင်ငံခြားရေးမှာ ပါဝါစုံနဲ့ ထိန်းညှိဆက်ဆံရေး (ဝါ) တရုတ်ထီးရိပ်ကို မခိုလှုံရေးလည်း ဖြစ်နိုင်ပါတယ်။ မြန်မာတပ်မတော်နဲ့ ဗီယက်နမ်တပ်မတော်တို့ရဲ့ ဆက်ဆံရေးတိုးချဲ့ကောင်းမွန်လာတာဟာ လက္ခဏာတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာ (ဘင်္ဂါလီ) ကိစ္စမတိုင်ခင် မြန်မာ့တပ်မတော်ဟာ အမေရိကန်၊ ဥရောပ၊ အိန္ဒိယတို့နဲ့ ဆက်ဆံရေး အကောင်းဆုံးအနေအထားမဟုတ်ပေမယ့် တိုးတက်ခဲ့ပါတယ်။ အခုလိုအခြေအနေမျိုးမှာတောင်မှ အမေရိကန်စစ်ဘက်နဲ့ ဆက်ဆံရေးက မကောင်းဘူးဆိုတဲ့ အနေအထားတော့ မဟုတ်ပါဘူး။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သဘောထားနဲ့ပတ်သက်ပြီး လေ့လာသူတချို့ သံသယဖြစ်တာတစ်ခုကို သတိထားမိပါတယ်။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်လက်ထက် (ဝါ) အန်အယ်လ်ဒီအစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးရချင်ပါ့မလားဆိုတာပါ။ သဘောကတော့ သူနဲ့အပြိုင်က လူပုဂ္ဂိုလ်တွေ ငြိမ်းချမ်းရေးဗိသုကာအဖြစ် အမှတ်ရသွားမှာဖြစ်ပြီး တပ်မတော်ရဲ့အခန်းကဏ္ဍက မှေးမှိန်သွားမယ့်အဖြစ်မျိုး ဖြစ်သွားတာကို လက်ခံချင်မယ် မထင်ဘူးဆိုတာပေါ့။

ဒါနဲ့ပတ်သက်လို့ သူပြောသွားတဲ့ “၂၀၂၀ ပြည့်နှစ်မှာ ကျင်းပပြုလုပ်မယ့် ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အစည်းအဝေးမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးပြတ်စေရေးဆောင်ရွက်သွားပါလို့ တိုက်တွန်းပြောကြားလိုပါတယ်” ဆိုတဲ့ စကားကို ထောက်ရှုရင် အဲဒီသံသယတွေ မှားနိုင်ပါသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခရာကျတဲ့အချက်က အစိုးရနဲ့ တပ်မတော်ဆိုပြီး လိုင်းကွဲနေတာပါ။ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ခွဲလုပ်နေရတယ်ဆိုကတည်းက လွဲနေတာပါပဲ။ ဖြတ်သန်းမှုဆန့်ကျင်ဘက်ကနေလာသူ၊ အယူအဆ မတူသူတွေဖြစ်လို့ ကွဲပြားတာ ဘာဆန်းလို့လဲ ဆိုပေမယ့် နိုင်ငံဖွံ့ဖြိုးရေးပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးပဲဖြစ်ဖြစ် အစိုးရနဲ့ တပ်မတော် အယူအဆကွဲပြား လွန်ဆွဲနေတာမျိုးဖြစ်ရင် ခရီးမတွင်တာပဲ ဖြစ်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးခေါင်းစဉ်အောက် အရပ်သားအစိုးရနဲ့ တပ်မတော်နဲ့ အားပြိုင်နေလို့ မဖြစ်ပါဘူး။ လုံခြုံရေး စစ်ရေးတွေ ချဉ်းကပ်ပုံမှာ စစ်ဘက်နဲ့ အရပ်သားအစိုးရနဲ့ ထပ်တူကြချင်မှ ကြပါလိမ့်မယ်။ ဒါပေမဲ့ နိုင်ငံ့အကြီးအကဲက တာဝန်ယူရပါတယ်။ မြန်မာနိုင်ငံရဲ့ သပွတ်အူဇာတ်ကလည်း နိုင်ငံ့အကြီးအကဲလို့ပြောရင် ဖွဲ့စည်းပုံအရ သမ္မတက အကြီးဆုံးဖြစ်ပေမယ့် လက်တွေ့မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အကြီးဆုံးဖြစ်နေပြန်ပါတယ်။ အကောင်းဘက်က ပြန်တွေးရင် အတိုင်ပင်ခံနဲ့ သမ္မတနဲ့ သဘောထားတစ်ထပ်တည်းကျနေတာ သို့မဟုတ် တစ်ဖက်တည်းဖြစ်နေတာပါ။ အဲဒီတော့ နိုင်ငံ့အကြီးအကဲကော တပ်ခေါင်းဆောင်ကပါ ညီညွတ်မှုရအောင် ကြိုးပမ်းဖို့လိုပါတယ်။ ဒါဟာ နိုင်ငံ့ကောင်းကျိုးလုပ်တာပါ။ ဆယ်စုနှစ်ပေါင်းများစွာ လျစ်လျုရှုခဲ့တဲ့ အမျိုးသားရေးလက္ခဏာနဲ့ သယံဇာတခွဲဝေခြင်းတို့တွေ လုပ်ကြရမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ လွယ်တာတော့ မဟုတ်ပါဘူး။ သို့ပေမယ့်လည်း ကမ္ဘာ့အရှည်ကြားဆုံး ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကြီးကို ဆင်နွှဲခဲ့တာဖြစ်ပြီး နောက်ထပ်လည်း ရှည်ကြာအောင်လုပ်နိုင်ခဲ့တာ ငါတို့ဆိုပြီး ကျွန်တော်တို့အားလုံး ဂုဏ်ယူချင်မယ် မထင်ပါဘူး။ အဲဒီတော့ အရပ်ဘက်နဲ့ စစ်ဘက်ရယ်လို့ ဘက်နှစ်ဖက်အကြား အားပြိုင်နေရင် မြေစာပင်ဖြစ်မှာက တိုင်းပြည်ပါ။ ပြည်သူပြည်သားတွေပါ။ ဆင်းရဲချို့တဲ့မှုတွေနဲ့ မျိုးဆက်ပေါင်းများစွာ ဖြတ်သန်းရမယ့်ဘဝတွေကို မှန်းဆကြည့်ကြပါ။ စစ်မက်ဒေသက ကလေးငယ်တွေ၊ မိခင်တွေရဲ့ မျက်နှာကို မြင်ယောင်ပေးကြဖို့ပါပဲ။

သော်ဇင်