News

POST TYPE

POLITICAL

မိုင်းကိုင်မှ စစ်ရှောင်များ နေရပ်ပြန်
ရန်ကုန်၊ ဇူလိုင် ၁၅

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်ရှိ မိုင်းကိုင်မြို့နယ်မှာ တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ကြားဖြစ်ပွားသော တိုက်ပွဲများကြောင့် တိမ်းရှောင်လာသော ဒေသခံတစ်ထောင်နီးပါးမှာ တိုက်ပွဲများရပ်စဲ၍ နှစ်ဖက်တပ်များလည်း ပြန်လည်ဆုတ်ခွာပြီ ဖြစ်သောကြောင့် စစ်ရှောင်လာသူများလည်း နေရပ်ပြန်နေပြီဖြစ်ကြောင်း မိုင်းကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကိုကိုလတ်က ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံတတိယအကြိမ် ညီလာခံမကျင်းပမီနှင့် ကျင်းပနေစဉ် ဇူလိုင်လ ၈ ရက်မှ ၁၂ ရက်အထိ မိုင်းကိုင်မြို့နယ် ဟိုခိုင်းကျေးရွာနှင့်ဟမ်းငိုင်းကျေးရွာ အုပ်စုအနီးတွင် လေးရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံ ၉၁၇ ဦးတို့မှာ မိုင်းကိုင်မြို့ပေါ်နှင့် ကျေးသီးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ထွက်ပြေးခိုလှုံခဲ့ရသည်။

“မနေ့က ဇူလိုင် ၁၄ ရက်ကစပြီး ပြန်ကြတာပေါ့။ ဒီနေ့ဆိုရင်ပဲ အကုန်ပြန်ကုန်ပါပြီ။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း လိုအပ်တာတွေမေးကြတာပေါ့။ တပ်တွေလည်း ပြန်ရုပ်သွားပြီဆိုတော့ ပြန်ကုန်ပါပြီ။ ဟိုမှာတော့ အိမ်တွေဘာတွေတော့ မပျက်စီးဘူးလို့တော့ ကြားရတယ်”ဟု မိုင်းကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကိုကိုလတ်က ရှင်းပြသည်။

အဆိုပါတိမ်းရှောင်လာသူများမှာ မိုင်းကိုင်မြို့နယ် ဟိုခိုင်းကျေးရွာအုပ်စု၊ တုံလောဝ်ကျေးရွာအုပ်စု၊ ဟမ်းငိုင်းကျေးရွာ အုပ်စုဝင် ကျေးရွာများမှ ဒေသခံများဖြစ်ပြီး ငါးရက်ခန့် တိမ်းရှောင်ခဲ့ရကြောင်း မိုင်းကိုင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်က ပြောကြားသည်။

“မနေ့က ပြည်နယ်ထွေအုပ်ဘက်ကလာပြီး ပြောတယ်ပေါ့။ အခြေအနေပြန် ငြိမ်းသွားပြီပေါ့နော်။ သူတို့ကလည်း ပြန်ချင်ကြတယ်။ တစ်ဝက်လောက်က မနေ့ကပဲပြန်သွားကြတယ်။ ခုလိုတိုက်ပွဲမြန်မြန် ဆန်ဆန်ပြီးသွားတာပဲ ကောင်းပါတယ်။ လုံးဝမဖြစ်ရင်တော့ ပိုကောင်းတာပေါ့ဗျ။ ဒေသခံတွေ ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားသောက်လို့ရတာပေါ့”ဟု ဦးစိုင်းပန်က ရှင်းပြသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA သည် အစိုးရက ပြုလုပ်နေသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။

ဝေလင်း