News

POST TYPE

POLITICAL

ဆိပ်ကမ်းမြို့နယ် ရဲစခန်းမှူးကို တိုင်ကြားမှု ကော့မှူးတရားရုံးက လက်မခံ၊ ခရိုင်တရားရုံးသို့ ဆက်တိုင်မည်
ရန်ကုန်၊ ဇူလိုင် ၁၁

ငြိမ်းချမ်းစွာစုဝေးခွင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့်အမှု ဖွင့်ခံရသည့် ဒေါ်စုစုနွေး အပါအဝင် သုံးဦးက ဆိပ်ကမ်းမြို့နယ်ရဲစခန်းမှူးကို အသရေဖျက်မှုဖြင့် ကော့မှူးတရားရုံးထံ တိုင်ကြားရာတွင် လက်မခံသည့်အတွက် ခရိုင်တရားရုံးသို့ ဆက်လက် တိုင်ကြားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂဥက္ကဋ္ဌ ဒေါ်စုစုနွေးက ပြောကြားသည်။

“ပြည်သူက အမှုပြန်ဖွင့်တော့ နိုင်ငံ့ဝန်ထမ်းကို အမှုဖွင့်ချင်ရင် သမ္မတလက်မှတ်မပါဘဲ တရားရုံးက အရေးယူခွင့် မရှိဘူးဆိုပြီး အမှုကို ပလပ်လိုက်တယ်။ ဒီမိုကရေစီစနစ်မှာ တန်းတူ အခွင့်အရေး မရဘူး။ နိုင်ငံ့ဝန်ထမ်းကျတော့ တာဝန်ထမ်းဆောင်းရင် မှားယွင်းအမှုဖွင့် မရဘူး။ ကျွန်မတို့က ခွင့်ပြုမိန့်တင်ပြီး ဆန္ဒပြတာကိုတော့ အမှုမှားပြီး ဖွင့်ခံရတယ်”ဟု ၎င်းကဆိုသည်။

ထိုသို့ အမှုပယ်ချခံရခြင်းနှင့်ပတ်သက်၍ ကော့မှူးတရားရုံးက နိုင်ငံ့ဝန်ထမ်းတစ်ဦး တာဝန်ထမ်းဆောင်နေစဉ်အတွင်း မှားယွင်းအမှုဖွင့်ခဲ့ခြင်းဖြစ်သည့်အတွက် တရားစွဲလိုလျှင် သမ္မတအမိန့်ပါမှသာ လက်ခံမည်ဟူ၍ ရာဇသတ်ကြီးပုဒ်မ ၂၀၃ အရ ပလပ်ကြောင်း ဇူလိုင်လ ၁၀ ရက်က တရားသူကြီးက အမိန့်ချမှတ်လိုက်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“မြို့နယ်က ပယ်ချရင်၊ ခရိုင်တက်မယ်၊ ခရိုင်ကပယ်ရင် တရားရုံးအဆင့်ဆင့် တယ်မယ်။ သမ္မတ စာချွန်လွှာအထိ အဆင့်ဆင့် တက်သွားမယ်။ အဲဒီအတွက် မနက်ဖြန်မှာ အစည်းအဝေး လုပ်မယ်”ဟု ၎င်းကဆိုသည်။

ထို့ကြောင့် ဇူလိုင်လ ၁၂ ရက်တွင် သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာ၌ နစ်နာသည့် တောင်သူအယောက် ၁၀၀ ကျော်နှင့် တောင်သူလယ်သမားသမဂ္ဂများ အစည်းအဝေးတစ်ခု ပြုလုပ်မည်ဖြစ်သည်။

အစည်းအဝေးတွင် ယင်းအမှုနှင့်ပတ်သက်၍ ခရိုင်တရားရုံးသို့ ဆက်လက်တိုင်ကြားမည့်နေ့ကို ဆွေးနွေးရန်ရှိကြောင်း ဒေါ်စုစုနွေးက ပြောကြားသည်။

“တရားရုံး ဆုံးဖြတ်ချက်ကိုတော့ ဘာမှမပြောချင်ဘူး။ ဒီဆိပ်ကမ်းရဲစခန်းက ဆန္ဒပြသူ သုံးဦးကို အမှုဖွင့်တာက နားလည်မှု လွဲမှားပြီး ဖွင့်မိတာလို့ ပြောချင်တယ်။ အမှုကို စုံစမ်းဆဲကာလမှာပဲ ပြန်ပြီး ရုပ်သိမ်းသင့်တယ်လို့ မြင်တယ်”ဟု လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းက ဆိုသည်။

မြေယာအငြင်းပွားမှု ရင်ဆိုင်နေရသည့် တောင်သူ ၁၅၀ ဦး၏ နစ်နာမှုနှင့်ပတ်သက်၍ ဇူလိုင်လ ၁ ရက်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် မြန်မာနိုင်ငံ တောင်သူလယ်သမားများသမဂ္ဂမှ ဒေါ်စုစုနွေး၊ ဦးဇော်ရမ်း၊ ဦးကိုကိုနိုင်တို့ ဦးဆောင်ကာ ဆန္ဒပြခဲ့ပြီးနောက်တွင် ခွင့်ပြုချက်မရဘဲ ဆန္ဒပြခဲ့သဖြင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် ယင်းနေ့တွင်ပင် ဆိပ်ကမ်းမြို့မ ရဲစခန်းက အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂသည် ၂၀၁၂ ခုနှစ် ဇူလိုင် ၂၁ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး တိုင်းနှင့်ပြည်နယ် အသီးသီးရှိ မြေယာ အငြင်းပွားမှုများကို ဖြေရှင်းပေးခဲ့ရာ၌ နှစ်စဉ်တိုင်းတွင် နစ်နာသူ လယ်သမားများ ဧက တစ်ထောင်ခန့် ပြန်လည် ရရှိခဲ့ကြောင်း ဒေါ်စုစုနွေးက ပြောကြားသည်။

J-18