News

POST TYPE

POLITICAL

မွန်နှစ်ပါတီပေါင်းစည်းရေး ကိုယ်စားပြုကိုယ်စားလှယ်နှင့် မွန်အမျိုးသား ကိုယ်စားပြုပါတီ တည်ထောင်လိုသူများ တွေ့ဆုံမည်
05-Jul-2018 tagged as မွန်ပြည်နယ်

မော်လမြိုင်၊ ဇူလိုင် ၅ 

မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နှစ်ပါတီပေါင်းစည်းရေးအတွက် ဖွဲ့စည်းထားသည့် နှစ်ဖက်ကိုယ်စားလှယ်များနှင့် မွန်အမျိုးသား ကိုယ်စားပြုပါတီ တည်ထောင်လိုသူများ ဇွန်လ ၆ ရက် မွန်းလွဲပိုင်းတွင် Royal Hintar Hotel တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ယင်းကိုယ်စားလှယ်များထံမှ သိရသည်။ 

“နှစ်ပါတီပေါင်းစည်းရေးအဖွဲ့ကိစ္စ ညှိနှိုင်းနေတဲ့ ၁၀ ဦးထဲက ကိုယ်စားလှယ် ၆ ဦးနဲ့ ပါတီပြင်ပနိုင်ငံရေး အင်အားစုတွေနဲ့ တွေ့သွားမယ်၊ သူတို့ဘက် ဘယ်လိုသဘောဆန္ဒရှိလဲ၊ ပူးပေါင်းပါဝင်ဖို့ ဘယ်လို သဘောထားရှိလဲ ဆိုတာကိုတောင်းပြီး နှစ်ပါတီပေါင်းစည်းရေး အကောင်းအထည် ဖော်နေတဲ့အဖွဲ့ကို တင်ပြသွားမယ်”ဟု မွန်အမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး နိုင်လယီတမးက ပြောသည်။ 
နှစ်ပါတီပေါင်းစည်းရေး ညှိနှိုင်းရာတွင် အားလုံပါဝင်ရေး ဆိုသည့်အချက် ပါဝင်နေသည့်အတွက် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း ၎င်းထံမှသိရသည်။ ပါတီပေါင်းစည်းရေးကို အမြန်ဆုံး ဆွေးနွေးညှိနှိုင်းကာ အကောင်အထည်ဖော်ရန် လိုလားကြောင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် လေးစားမှု၊ ယုံကြည်မှု၊ ပရိယာယ်ကင်းကာ ရိုးသားသော ပေါင်းစည်းမှုဖြစ်ရေးကို အစဉ်တစ်စိုက် ကြိုးစားမည်ဖြစ်ကြောင်း မွန်အမျိုးသား ကိုယ်စားပြုပါတီ တည်ထောင်လိုသူထဲမှ ဒုတိယအဖွဲ့ခေါင်းဆောင် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

မွန်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးနှင့်ပတ်သက်၍ မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့၏ ထိပ်ပိုင်းခေါင်းဆောင်းများ ဆွေးနွေးရာတွင်ပေါင်းစည်းရန် ၉၅ ရာခိုင်နှုန်း သေချာနေကြောင်း ယင်းပါတီများထံမှသိရသည်။

R-21