News

POST TYPE

POLITICAL

ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါက်တာအေးမောင်၏သား ဝင်ပြိုင်မည်
04-Jul-2018
စစ်တွေ၊ ဇူလိုင် ၄ 

နိုင်ငံတော်ပုန်ကန်မှု အပါအဝင် ပုဒ်မသုံးခုဖြင့် ဖမ်းဆီး တရားစွဲခံထားရသော ဒေါက်တာအေးမောင်၏ သားဖြစ်သူသည် ကြားဖြတ်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း စစ်တွေခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးထံမှ သိရသည်။

အသက် ၃၁ နှစ်အရွယ် ဦးတင်မောင်ဝင်းက ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) နေရာတွင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ဇူလိုင်လ ၄ ရက်က လျှောက်လွှာတင်ခဲ့ကြောင်း စစ်တွေခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ရွေးကောက်ပွဲအရာရှိ ဦးခင်မောင်ဦးက ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် လျှောက်ထားမှုနှင့်ပတ်သက်၍ အသေးစိတ်ကို ဦးတင်မောင်ဝင်းထံ မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်းမရှိပေ။

၎င်းသည် အဖရခိုင်ပါတီကို တည်ထောင်ခွင့်ပြုရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ လျှောက်ထားသူများအနက် တစ်ဦးပါဝင်ပြီး ယင်းပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် မရသေး၍ ကြားဖြတ်ရွေးကောက်ပွဲတွင် တစ်သီး ပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားခြင်းဖြစ်သည်။

လစ်လပ်နေသော မဲဆန္ဒနယ်၌ ရခိုင်အမျိုးသားပါတီ (ANP) နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့မှာ ဝင်ရောက် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်များ ရွေးချယ်ထုတ်ပြန်ထားပြီဖြစ်သော်လည်း ယနေ့အချိန်ထိ စစ်တွေခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ လျှောက်လွှာတင်ထားခြင်း မရှိသေးကြောင်း ရွေးကောက်ပွဲအရာရှိ ဦးခင်မောင်ဦးထံမှ သိရသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီမှ ဦးဖိုးမင်းသည် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ အနိုင်ရရှိခဲ့ကြောင်း၊ ယင်းနောက် ပြည်နယ်လွှတ်တော်တွင် ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင်ကွယ်လွန်သွား၍ ယင်းနေရာ လစ်လပ်နေခြင်းဖြစ်သည်။

R-22