News

POST TYPE

POLITICAL

ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်း ဇူလိုင် ၉ ရက်တွင် ကြေညာမည်
04-Jul-2018
ရန်ကုန်၊ ဇူလိုင် ၄

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်းကို ဇူလိုင်လ ၉ ရက်တွင် စတင် ကြေညာမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများစာရင်းကို ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် သက်ဆိုင်ရာ မဲဆန္ဒနယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် စတင်ကပ်သွားမည်ဖြစ်ပြီး ဇူလိုင်လ ၉ ရက်မှ ၂၂ ရက်ထိ ၁၄ ရက်ကြာ ကပ်ထားမည်ဖြစ်ကြောင်း ကော်မရှင်ထံမှ သိရသည်။

အဆိုပါမဲစာရင်းသည် ပဏာမမဲစာရင်းဖြစ်ပြီး ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများကို သတ်မှတ်ကာလအတွင်း ပြုလုပ်သွားနိုင်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောဆိုသည်။

“မိမိမဲစာရင်းမပါရင် ပုံစံ (၃)နဲ့ တောင်းဆို၊ မပါသင့်တဲ့သူတွေပါရင် ပုံစံ (၄)နဲ့ ကန့်ကွက်၊ မဲစာရင်းပါ အချက်အလက်မှားရင် ပုံစံ (၄-ဂ)နဲ့ ပြင်ဆင်လွှာတင်ဖို့ ထုတ်ပြန်ထားပါတယ်”ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ဆိုသည်။

ယင်းသို့ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပြီးစီးပါက ကြားဖြတ် ရွေးကောက်ပွဲအတွက် နောက်ထပ် မဲဆန္ဒရှင်စာရင်းကို အောက်တိုဘာလတွင် နောက်ဆုံးအကြိမ်အဖြစ် ၁၄ ရက်ကြာ ထပ်မံ ကပ်ထားမည်ဖြစ်ပြီး မဲဆန္ဒရှင်များအနေနှင့်လည်း တစ်အိမ်ထောင်တစ်ဦးခန့် မပျက်မကွက် လာရောက် ကြည့်ရှုပေးစေလိုကြောင်း ကော်မရှင်က ထုတ်ပြန်ထားသည်။

လစ်လပ်မဲဆန္ဒနယ်များတွင် ကျင်းပမည့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကော်မရှင်က ထုတ်ပြန်ထားပြီးဖြစ်သည်။

နိုင်ငံရေး ပါတီများအနေနှင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်းကို လာမည့် ဇူလိုင်လ ၁၁ ရက်တွင် နောက်ဆုံးထား တင်သွင်းရမည်ဖြစ်သည်။

ယင်းကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၄ နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁ နေရာနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ၈ နေရာ စုစုပေါင်း ၁၃ နေရာတွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲသည် လက်ရှိအစိုးရသက်တမ်းအတွင်း ဒုတိယအကြိမ်မြောက် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်လာမည်ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ ကို ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်က ကျင်းပခဲ့သည်။

J-08