News

POST TYPE

POLITICAL

သဘာဝဘေးဒဏ်သင့်ဒေသများကို အာဆီယံ အရေးပေါ်ဆန် ဖြန့်မည်
03-Jul-2018


ရန်ကုန်၊ ဇူလိုင် ၃

ရေဘေးသင့်ဒေသများအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က ရရှိထားသော အာဆီယံ အရေးပေါ် အရန်ဆန် တန် ၁၀၀၀ အနက် ကျန်ရှိနေသော ဆန်တန်ချိန် ၄၂၂ တန်ကို လိုအပ်နေသော ရေဘေးသင့်ဒေသများကို ဖြန့်ဝေပေးနိုင်ရန် အာဆီယံအဖွဲ့ထံ တင်ပြဆောင်ရွက်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောကြားသည်။
 
“အာဆီယံအရန်ဆန်က သဘာဝ ဘေးသင့်တဲ့ ပြည်သူတွေကို အာဆီယံအဖွဲ့က ထောက်ပံ့တာ။ အရင်နှစ်က ကျန်တဲ့တန်ချိန် ၄၀၀ ကျော်ကိုဝေပေးဖို့ တောင်းထားတဲ့အဖွဲ့တွေရှိတယ်။ ဒါကလည်း ဒီတိုင်းပေးလို့မရဘူး။ အာဆီယံအဖွဲ့ကို ပြန်ညှိရဦးမှာ။ အာဆီယံအဖွဲ့ရဲ့ သဘောတူညီမှ ပေးလို့ရမှာ”ဟု ၎င်းကရှင်းပြသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်က အာဆီယံ အရေးပေါ် အရန်ဆန်ရိက္ခာအဖြစ် မြန်မာနိုင်ငံက ဆန်တန်ချိန် ၁၀၀၀ ရရှိခဲ့ပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၈၀၀ ရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိတွင်လည်း ကမ္ဘာ့ဘဏ်၏ အရေးပေါ် တုံ့ပြန်မှုအစီအစဉ်ဖြင့် ရေဘေးသင့်ဒေသများဖြစ်သည့် စစ်ကိုင်း၊ မကွေး၊ ဧရာဝတီ၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် လယ်ယာသုံးစက် ကိရိယာပစ္စည်းများ ကူညီထောက်ပံ့ပေးလျက်ရှိပြီး မျိုးစေ့နှင့် ဓာတ်မြေဩဇာများကိုလည်း ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။

J-11