News

POST TYPE

POLITICAL

ဖားကန့်မြို့ပေါ် ရပ်ကွက်လေးခုတွင် ရေကြီး၊ လမ်းပန်းဆက်သွယ်ရေးအချို့ ပြတ်တောက်
02-Jul-2018

မြစ်ကြီးနား၊ ဇူလိုင် ၂

ကချင်ပြည်နယ်တွင် မိုးရွာသွန်းမှုကြောင့် ဥရုချောင်းရေတက်သဖြင့် ဖားကန့်မြို့နယ်ရှိ ရပ်ကွက်လေးခုနှင့် လုံးခင်းနှင့် ကံဆီးမှော်ဒေသတွင် ဇူလိုင်လ ၂ ရက်က ရေကြီးရေလျံမှု ဖြစ်နေပြီး မိုးကောင်းနှင့် ကားမိုင်းသို့ သွားသောလမ်းများတွင် ဆက်သွယ်ရေး ပြတ်တောက်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဖားကန့်မြို့နယ်အတွင်း ရပ်ကွက်လေးခုနှင့် လုံးခင်းကျေးရွာအုပ်စုများတွင် ရေကြီးနေသဖြင့် ဒေသခံအချို့မှာ နီးစပ်ရာ၌ လတ်တလော ပြောင်းရွှေ့နေထိုင်နေကြောင်း ဖားကန့်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဒေါ်မိုးမိုးက ပြောကြားသည်။

“ဖားကန့်မြို့ထဲမှာရှိတဲ့ ရပ်ကွက်အများစုမှာ ရေတက်တာ၊ ညတွင်းတက်လာတာ အခုထိ ရေမကျသေးဘူး။ တချို့ကတော့ နီးတဲ့ဘုန်းကြီးကျောင်းတွေမှာ နေတယ်။ တချို့ကတော့ အိမ်အပေါ်ထပ်တွေမှာ နေနေရတာပေါ့”ဟု ၎င်းက ပြောဆိုသည်။

ဖားကန့်မြို့လယ် အပါအဝင် ဥရုရတနာကျောက်စိမ်းတောင်တံတား၊ မရှီက ထောင်ရပ်ကွက် အနိမ့်ပိုင်း ကြိုးတံတားတစ်ဝိုက်နှင့် အနိမ့်ပိုင်း ရပ်ကွက်များအပြင် လုံးခင်းနှင့် ဆန်ခါမှော်ဒေသတို့တွင်လည်း ရေကြီးနေကြောင်း ဆိပ်မူကျေးရွာအုပ်စု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောကြားသည်။

“ဒီနှစ်ကတော့ မိုးများတဲ့အတွက် ဖားကန့်၊ လုံးခင်းတစ်ဝိုက် ရေကြီးရေလျှံ ဖြစ်နေတယ်”ဟု ၎င်းကပြောဆိုသည်။

ချောင်းရေတက်လာခြင်းကြောင့် နန့်တိမ်ချောင်းရေလျှံသဖြင့် ဖားကန့်နှင့် ကာမိုင်းလမ်းခုလတ်ရှိ နန့်တိမ်းလမ်းပိုင်းတွင် ဇူလိုင်လ ၁ ရက်နေ့က ကားလမ်းရေကျော်ကာ အတက်အဆင်း မော်တော်ယာဉ်များ သွားလာ၍ မရတော့ဘဲ ပိတ်မိခဲ့ကြောင်း ၎င်းကပြောသည်။

ဥရုချောင်း အထက်ပိုင်း၌ မိုးရွာသောကြောင့် ချောင်းရေတက်ကာ ရေကြီးခြင်းဖြစ်ပြီး မိုးမရွာပါက ဖားကန့်မြို့တွင်း၌ ရေပြန်ကျသွားနိုင်ကြောင်း ရေကြီးမှုကြောင့် ဖားကန့်မြို့မှ မရှိကထောင် ရပ်ကွက်အတွင်း ရေကျော် တံတားရေမြုပ်ကာ သွားလာ၍မရကြောင်း၊ ရပ်ကွက်အတွင်း ရေကြီးမှုကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနထိုင်သူ တစ်ရာခန့်ရှိကြောင်း ဖားကန့်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသည့် Green Land အဖွဲ့ဥက္ကဋ္ဌ ဦးယိန်းခေါက ပြောကြားသည်။

လုံးခင်းဒေသရှိ တံတားမှာလည်း ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းက ရေမြုပ်လုမတတ်ဖြစ်ခဲ့ပြီးနောက် ယင်းနေ့ ညနေပိုင်းတွင် ရေပြန်ကျဆင်းသွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့ကလည်း ဖားကန့်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပြီး နေရာအများစု၌ မြေပြိုခြင်း ဖြစ်ပွားခဲ့ရာ သေဆုံးဒဏ်ရာ ရသူများရှိခဲ့သည်။ 

R-06