News

POST TYPE

POLITICAL

ရသေ့တောင်မဲဆန္ဒနယ်တွင် ဝင်ပြိုင်မည့်ပါတီ ၂ ခုမှ ကိုယ်စားလှယ်လောင်းရွေး
01-Jul-2018
စစ်တွေ၊ ဇူလိုင် ၁

ရခိုင်ပြည်နယ်၌ လစ်လပ်နေသော ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်အမျိုးသားပါတီ (ANP) နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတို့မှ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ပြီးစီးကြောင်း ယင်းပါတီထံမှ သိရသည်။

ရခိုင်အမျိုးသားပါတီ (ANP) ကိုယ်စားပြု ကိုယ်စားလှယ်လောင်းအဖြစ် ဦးမောင်လှမြင့်က ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) တွင် ကိုယ်စားလှယ်လောင်းအဖြစ် ဦးခင်သန်းမောင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)က ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းကို ပါတီဗဟိုထံ တင်ပြထားသော်လည်း သဘောထားကွဲလွဲမှုအချို့ ရှိနေသဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရေးမှာ မသေချာသေးကြောင်း ရခိုင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ပြောသည်။

USDP ဥက္ကဋ္ဌအနေနှင့် တိုင်းရင်းသားပါတီများကသာ မိမိပြည်နယ်လွှတ်တော်ကို ထိန်းညှိနိုင်သောကြောင့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေသော တိုင်းရင်းသားဒေသရှိ မဲဆန္ဒနယ်များ၌ ဝင်မပြိုင်လိုကြောင်း ၎င်းကဆိုသည်။

“NLD ကတော့ တိုင်းရင်းသားဒေသတိုင်းအားလုံးမှာ သူတို့ပြိုင်ဖို့ဆိုတော့ ကြံ့ခိုင်ရေးကလည်း သူတို့လုပ်သလို မလုပ်တဲ့သဘောမျိုး ဖြစ်နိုင်တယ်။ နောက်တစ်ခုက သူတို့မှာ ပြိုင်ရင်လည်း ရခိုင်ပြည် အတိုင်းအတာမှာ နိုင်မယ့်အလားအလာက သိပ်မရှိတော့ မနိုင်မဲ့ အတူတူ ရခိုင်တွေနဲ့ မျက်နှာပျက်မခံဘဲ NLD နဲ့ ANP စီးချင်းထိုးကြပါစေလို့ ရှောင်ပေးပုံရတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက သုံးသပ်သည်။

ယင်းမဲဆန္ဒနယ်တွင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) မှ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သော်လည်း ကိုယ်စားလှယ်လောင်းကို မရွေးချယ်ရသေးကြောင်းနှင့် ရခိုင်မျိုးချစ်ပါတီ (APP) အနေနှင့် ဝင်မပြိုင်ကြောင်း ယင်းပါတီများထံမှ သိရသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီမှ ဦးဖိုးမင်းက ရသေ့တောင် မဲဆန္ဒနယ်တွင် အနိုင်ရခဲ့ပြီး ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြောင်း ၊ ၂၀၁၇ခုနှစ် ဇွန်လတွင် ဦးဖိုးမင်း သေဆုံးခဲ့သဖြင့် ၎င်း၏မဲဆန္ဒနယ်နေရာမှာ လစ်လပ်နေခြင်းဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံး၌ ရသေ့တောင် မဲဆန္ဒနယ် အပါအဝင် လစ်လပ်နေသော မဲဆန္ဒနယ် ၁၃ နေရာရှိ၍ နိုဝင်ဘာလ ၃ ရက်တွင် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်သည်။

R-22