News

POST TYPE

POLITICAL

၂၁ ရာစုပင်လုံ လေ့လာသူအဖြစ် တက်လိုသူများကို ဖိတ်ခေါ်
ရန်ကုန်၊ ဇူလိုင် ၁ 

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးသို့ လေ့လာသူအဖြစ် တက်ရောက်ရန် အဆိုပြုလွှာပေးပို့၍ လျှောက်ထားနိုင်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ပူးတွဲကော်မတီက ဇူလိုင်လ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါ ညီလာခံသို့ တက်ရောက်လိုပါက လျှောက်ထားသူ၏ ဓာတ်ပုံနှင့်အတူ ကိုယ်ရေး အချက်အလက်များကို ဖြည့်စွက်၍ upc21stcenturypanglong @gmail.com သို့ အီးမေးလ်မှတစ်ဆင့် ဇူလိုင်လ ၄ ရက်နေ့ နောက်ဆုံး စာရင်းပေးပို့ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီလိုမျိုးဖိတ်ခေါ်တဲ့ကိစ္စကို အများကြီး ကြိုဆိုတယ်။ တစ်ချိန်တည်းမှာပဲ ကဏ္ဍပေါင်းစုံ ထည့်သွင်းနိုင်အောင် ကြိုးစားသင့်တယ်လို့လည်း မြင်တယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲက အရင်အစိုးရလက်ထက်ထဲက စခဲ့တယ်။ ခုနစ်နှစ်လောက်အတွင်း လုပ်နိုင်တာက ပြီးပြည့်စုံအောင် လက်မှတ် မထိုးရသေးတဲ့ NCA တစ်ခုထွက်လာ တယ်။ ဒါဟာ ဘယ်လောက်ကြာဦးမလဲ ခန့်မှန်းရခက်တယ်”ဟု Generation Waves ဥက္ကဋ္ဌ ကိုမိုဃ်းသွေးက ပြောဆိုသည်။

၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကို နေပြည်တော်၌ ဇူလိုင်လ ၁၁ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ပူးတွဲ ကော်မတီ အစည်းအဝေး၌ ဇွန်လနောက်ဆုံးပတ်က ပြုလုပ်ခဲ့သော လုပ်ငန်းအဖွဲ့အလိုက် အကြိုညှိနှိုင်း သဘောတူထားသည့် ခေါင်းစဉ်များကိုမူ ဇူလိုင်လ ၃ ရက်မှ ၅ ရက်နေ့အထိ ကျင်းပမည့် လုပ်ငန်းကော်မတီ အစည်းအဝေး၌ ထပ်ဆင့် ဆွေးနွေးရန် စီစဉ်ထားကြောင်း အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သူ ဦးသုဝေက ပြောကြားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု တတိယအကြိမ် အစည်းအဝေးသို့ လေ့လာသူအဖြစ် တက်ရောက်သူများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း ရှစ်ချက်ကိုလည်း ပူးတွဲ ထုတ်ပြန်ထားသည်။

စည်းကမ်းချက်အမှတ်စဉ် (၃) ၌ ညီလာခံသို့ လေ့လာသူအဖြစ် တက်ရောက်သူများသည် ဆွေးနွေးပွဲများ ကျင်းပနေစဉ်အတွင်း ဝင်ရောက် ဆွေးနွေးခြင်း၊ ကြားဖြတ်ပြောဆိုခြင်းများ မပြုလုပ်ရဟု ဖော်ပြထားပြီး လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ပါက ညီလာခံ တက်ရောက်ခွင့် ရပ်ဆိုင်းခံရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

၂၀၁၇ ခုနှစ်က ကျင်းပခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးသို့ လေ့လာသူအဖြစ် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ၄၀ ဦးနှင့် သီးခြား လျှောက်ထားသူ ၁၁၀ ဦး တက်ရောက်ခဲ့ဖူးကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ပူးတွဲ ကော်မတီ၏ မှတ်တမ်းများအရ သိရသည်။ 

J-17