News

POST TYPE

POLITICAL

နေပြည်တော်နှင့်မန္တလေး နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်နှစ်ရာကျော် ရန်ကုန်မြို့သို့ရောက်ရှိ
30-Jun-2018

ရန်ကုန်၊ ဇွန် ၃၀

နယ်စပ်လုံခြုံရေးကို ကွပ်ကဲဆောင်ရွက်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့တွင် အင်အားဖြည့်တင်းရန် နေပြည်တော်နှင့် မန္တလေးမှ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၈၆ ဦး ရန်ကုန်မြို့သို့ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာကြောင်း အမှတ် (၂) လုံခြုံရေးကွပ်ကဲမှု အဖွဲ့မှူးရုံး၊ ဒုတိယကွပ်ကဲရေးမှူး ရဲမှူးကြီးဇော်သီဟက ပြောကြားသည်။

“လောလောဆယ် အင်းအားဖြည့်တာပဲရှိတယ်။ ဘယ်ကိုပြောင်းမယ်ဆိုတာတော့ ပြောလို့မရဘူး”ဟု ၎င်းက ပြောဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့အနေနှင့် ရခိုင်ပြည်နယ်တွင် အခြေစိုက်ထားသည့် အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်သာ ရှိခြင်းကြောင့် အင်အားဖြည့်တင်းမည်ဆိုပါက ယင်းဒေသအတွက်သာ အဓိကဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။

ရခိုင်ပြည်နယ်၏ နယ်စပ်လုံခြုံရေးကို ပြည်ထဲရေးဝန်ကြီးဌာနက အာရုံစိုက်ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ် အောက်တိုဘာလက အလ်မူလ်မူဂျာ ဟီဒင်န်အကြမ်းဖက်အဖွဲ့ ဝင်ရောက် စီးနင်းခဲ့သည့်ဖြစ်စဉ် ကြောင့် ယင်းအချိန်က နယ်ခြားစောင့် ရဲတပ်ဖွဲ့ကွပ်ကဲရေးမှူးဖြစ်သူ ရဲမှူးချုပ် မောင်မောင်ခိုင်ကို ရာထူးမှထုတ်ပယ်ကာ ထောင်သုံးနှစ် ချခဲ့ဖူးသည်။

အလားတူ ၂၀၁၇ ခုနှစ် ဩဂုတ်လကလည်း နယ်ခြားစောင့်ရဲကင်း ၃၀ ကျော်သည် ဘင်္ဂါလီများ၏ အကြမ်းဖက် တိုက်ခိုက်မှုကို ခံရပြီးနောက်ပိုင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးဖြစ်သူ ရဲမှူးချုပ်သူရ ဆန်းလွင်ကိုလည်း ယခုနှစ် မေလဆန်းက ထုတ်ပယ်ခဲ့ပြီး ၎င်း၏နေရာတွင် ရဲမှူးချုပ်မြင့်ထူးအား အစားထိုး တာဝန်ပေးခဲ့သည်။

အဆိုပါဖြစ်စဉ်များနှင့် စပ်လျှဉ်း၍ ဥရောပသမဂ္ဂအဖွဲ့မှ တပ်မတော် အရာရှိကြီးများ အပါအဝင် ရဲမှူးချုပ်ဟောင်း သူရဆန်းလွင်ကို ဇွန်လ နောက်ဆုံးပတ်က အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ 

J-17