News

POST TYPE

POLITICAL

ရခိုင်ပြည်နယ် စီးပွားရေးဝန်ကြီး တာဝန်ထမ်းဆောင်ရန် သင့်၊ မသင့်ကို လွှတ်တော်၌ ယနေ့ ဆုံးဖြတ်မည်
28-Jun-2018

စစ်တွေ၊ ဇွန် ၂၈

ဘဏ္ဍာရေးငွေ အလွဲသုံးသည်ဟုစွပ်စွဲကာ တိုင်ကြားခံရသော ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း တာဝန်ထမ်းဆောင်ရန် သင့် [မသင့်ကို ဇွန်လ ၂၉ ရက်တွင် ပြည်နယ်လွှတ်တော်၌ အရေးပေါ် အစည်းအဝေး ခေါ်ယူကာ မဲခွဲဆုံးဖြတ်မည်ဖြစ်ကြောင်း လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြသန်းက ပြောသည်။

ပြည်နယ်ဝန်ကြီး ဦးကျော်အေးသိန်းကို ပြည်နယ်၏ ၆ လတာ မီနီဘတ်ဂျက်၌ လွှတ်တော်တွင် အတည်ပြုထားခြင်းမရှိသော လုပ်ငန်းသစ်များ ပါဝင်လာခြင်း၊ လုပ်ငန်းများအတွက် အမှန်တကယ် ကုန်ကျမည့်စရိတ်ထက် ပိုတောင်းခြင်း၊ အဆင့်မြင့်ဈေး ၅ ဈေးကိစ္စ၊ မောင်တောမြို့ ကညင်ချောင်း စီးပွားရေးဇုန်လုပ်ငန်း အကောင်အထည် မဖော်နိုင်သည့်ကိစ္စ၊ ၂၀၁၇-၁၈ ခုနှစ် ပိုလျှံငွေများကို မြို့နယ်အလိုက်ခွဲဝေရာ မြို့နယ်အချို့တွင် ငွေပမာဏလျော့နည်းနေခြင်း၊ မြောက်ဦးခရိုင် တင်ဒါကိစ္စ စသည့်တို့ဖြင့် စွပ်စွဲထားခြင်းဖြစ်သည်။

ထိုသို့စွပ်စွဲခံရပြီး ပြည်နယ်လွှတ်တော်က သံတွဲမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးကာ စုံစမ်းစစ်ရေးဖွဲ့ကာ စစ်ဆေးပြီးနောက် မေလ ၃၀ ရက်က အပြီးသတ် အစီရင်ခံစာကို လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့သည်။

စုံစမ်းစစ်ဆေးရာတွင် စွပ်စွဲခံရသော ဝန်ကြီးက လုပ်ငန်းအချို့နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု မခံခြင်းများလည်းရှိကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ထံမှ သိရသည်။

ရခိုင်ပြည်နယ် လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၄၇ ဦးရှိရာ တပ်မတော်သား ကိုယ်စားလှယ် ၁၂ ဦးရှိကြောင်း၊ တာဝန်မှထမ်းဆောင်ရန် သင့် မသင့်ကို မဲခွဲဆုံးဖြတ်ရာတွင် သုံးပုံ နှစ်ပုံ ထောက်ခံမှသာ တာဝန်မှ ရပ်စဲနိုင်မည်ဖြစ်ကြောင်း လွှတ်တော်ဒုတိယဥက္ကဋ္ဌထံမှ သိရသည်။ 

ရခိုင် အမျိုးသားပါတီ (ANP)မှ လွှတ်တော်ကိုယ်စားလှယ်အချို့ နုတ်ထွက်မှုရှိသဖြင့် ANP ပါတီကိုယ်စားပြု ကိုယ်စားလှယ် ၁၆ ဦးသာ ကျန်ရှိကြောင်း၊ ယင်းကြောင့် ANP အနေနှင့် ဝန်ကြီး ဦးကျော်အေးသိန်းကို ဖြုတ်ချနိုင်လောက်သည့် မဲအရေအတွက် မရှိကြောင်း၊ ယင်းပါတီမှနုတ်ထွက်ထားသော ကိုယ်စားလှယ်များ၏မဲရလဒ်ကို စောင့်ကြည့်မည်ဖြစ်ကြောင်း ရခိုင်နိုင်ငံရေးနှင့် မူဝါဒလေ့လာသုံးသပ်သူ ဦးထွန်းထွန်းနိုင်က ပြောသည်။

တပ်မတော်သား ကိုယ်စားလှယ် ၁၂ နေရာ ရှိသဖြင့် ပြည်နယ် စီးပွားရေးဝန်ကြီးတာဝန်မှ ထမ်းဆောင်ရန် သင့် မသင့်ကို မဲခွဲဆုံးဖြတ်ရာတွင် ၎င်းတို့၏မဲမှာ အရေးကြီးကြောင်း ၎င်းက ထောက်ပြသည်။

NLD အစိုးရသစ် သက်တမ်း ၂ နှစ်အတွင်း ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင် (တောင်ကုတ်မြို့နယ် မဲဆန္ဒနယ်၊ NLD)ကို နိုင်ငံတော်က ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် ဇန်နဝါရီလ ၁၈ ရက်က နိုင်ငံတော်သမ္မတက တာဝန်မှ ရပ်စဲလိုက်သည်။

R-22