News

POST TYPE

POLITICAL

အဓမ္မပြုကျင့်ရန် ကြံစည်မှုမအောင်မြင်သဖြင့် အဆိပ်တိုက်ကာတွန်းချဟု အိမ်အကူမိန်းကလေး ထွက်ဆို
ရန်ကုန်၊ ဇွန် ၂၇

သာကေတမြို့နယ်၊ အမှတ်(၇/အနောက်) ရပ်ကွက်၊ အောင်သပြေ (၂)ရှိ နေအိမ်တစ်လုံးတွင် နေအိမ်အကူအဖြစ် လုပ်ကိုင်သော အသက် ၁၇ နှစ်အရွယ် အမျိုးသမီးသည် အဆိပ်သောက်၍ နေအိမ်ပေါ်မှ ခုန်ချခြင်းမဟုတ်ဘဲ အိမ်ရှင်အမျိုးသားက သားမယားပြုကျင့်ရန် ကြံစည်မှု မအောင်မြင်သဖြင့် အဆိပ်တိုက်ကာ ပြတင်းပေါက်မှ တွန်းချခံရသည်ဟု အိမ်အကူ မိန်းကလေးက ထွက်ဆိုကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှ အထက်ပါနေအိမ်သို့လာရောက်ပြီး အိမ်အကူအဖြစ် လုပ်ကိုင်နေသူ ယင်းအမျိုးသမီးသည် ဇွန်လ ၂၀ ရက် နေ့လယ် ၁၂ နာရီခန့်က အိမ်ရှင်ဖြစ်သူ အမျိုးသမီး၏ဖခင် (အသက် ၆၀ နှစ်)က အိမ်နောက်ဖေး မီးဖိုချောင်သို့ဆွဲခေါ်ပြီး သားမယားပြုကျင့်ရန် ကြံစည်ခဲ့သဖြင့် ရုန်းကန်ထွက်ပြေးခဲ့ရာ ယင်းအမျိုးသားက “နေမကောင်းရင် ဆေးတော့မတိုက်ဘူး၊ အဆိပ်ပဲတိုက်မယ်”ဟုပြောဆိုကာ အဝတ်လျှော်စက်ဘေးရှိ ခြင်းအတွင်းမှ အဝါရောင် ဆေးရည်ဘူးယူကာတိုက်ပြီး နေအိမ်ပြတင်းပေါက်မှ တွန်းချခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ကောင်မလေးကို နင်းနှိပ်ပေးဖို့ ခေါ်တာ၊ နေမကောင်းလို့ နှိပ်မပေးနိုင်ဘူးပြောတော့ နေအိမ်နောက်ဖေး မီးဖိုချောင်ခန်းကိုဆွဲခေါ်ပြီး သားမယားပြုကျင့်ဖို့ လုပ်တယ်၊ အတင်းရုန်းကန် ထွက်ပြေးတော့ အဆိပ်လို့ထင်ရတဲ့ ဆေးရည်တိုက်ပြီး ပြတင်းပေါက်ကနေ တွန်းချလိုက်တာလို့ ကောင်မလေးရဲ့ ပြောပြချက်အရ သိရတယ်၊ အဲဒါနဲ့ အခု ထပ်မံအမှုဖွင့်ခဲ့တာပါ”ဟု ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ယင်းမိန်းကလေးမှာ အခင်းဖြစ်နေ့က HAPPY တံဆိပ်ပါ ပိုးသတ်ဆေးသောက်၍ နေအိမ်အနောက်ဘက် မီးဖိုခန်းရှိ ဘေစင်ရှေ့ ပြတင်းပေါက်မှ ခုန်ချပြီး ခါးနာကျင်ဒဏ်ရာရရှိကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသခဲ့ရသဖြင့် မိမိကိုယ်ကိုယ် သတ်သေရန် အားထုတ်သည်ဟုဆိုကာ သာကေတနယ်မြေ ရဲစခန်းက (ပ)၄၃၄/ ၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၉ ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့ပြီး ဆေးကုသမှု ခံယူနေစဉ် ကာလအတွင်း စုံစမ်းမေးမြန်းရာက အဆိပ်တိုက်ကာ တွန်းချခံခဲ့ရသည်ဟု ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအိမ်အကူ မိန်းကလေးအား အဆိပ်တိုက်ကာ တွန်းချခဲ့သည်ဟုဆိုသော အိမ်ရှင်ဖြစ်သူ၏ ဖခင်အား သာကေတ နယ်မြေရဲစခန်းက လူသတ်မှုကို ကျူးလွန်ရန် အားထုတ်မှု ရာဇသတ်ကြီး ပုဒ်မ ၃၀၇၊ ပြစ်မှုကျူးလွန်ရန် ကြံရွယ်၍ အဆိပ် စသည်များဖြင့် နာကျင်စေမှု ရာဇသတ်ကြီးပုဒ်မ ၃၂၈၊ မုဒိမ်းမှုကျူးလွန်ရန် ကြံစည်အားထုတ်မှု ရာဇသတ်ကြီး ပုဒ်မ ၃၇၆/ ၅၁၁ စသည့် ပုဒ်မများဖြင့် အမှုဖွင့် ဆောင်ရွက်ထားသည်။ 

J-16