News

POST TYPE

POLITICAL

အခွန်ဥပဒေသစ်တွင် SME လုပ်ငန်းများ အခွန်သက်သာခွင့် ထည့်သွင်းရေးတင်ပြမည်
25-Jun-2018
ရန်ကုန်၊ ဇွန် ၂၄

၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများ ပြည်ပမှသွင်းကုန်များကို ယှဉ်ပြိုင်နိုင်ရန်နှင့် အခွန်သက်သာခွင့်များ ထည့်သွင်းပေးရေးအတွက် အစိုးရထံ တိုက်တွန်းတင်ပြမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားသည်။

လက်ရှိတွင် ပြည်တွင်းရှိ အသေးစားနှင့်အလတ်စား ကုန်ထုတ်လုပ်ငန်းများမှာ ပြည်ပမှတင်သွင်းလာသည့် ကုန်ပစ္စည်းများကို ယှဉ်ပြိုင်မရောင်းချနိုင်သောကြောင့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းအများစုမှာ အရှုံးနှင့်ရင်ဆိုင်နေရပြီး ရပ်ဆိုင်းလုအခြေအနေနှင့် ကြုံတွေ့နေရကြောင်း ၎င်းက ပြောဆိုသည်။

“အခွန်ဆိုင်ရာကိစ္စတွေကြောင့် တချို့လုပ်ငန်းတွေဆို ပိတ်သိမ်းရမယ့်အနေအထားရှိတယ်။ ဆပ်ပြာမှုန့်ထုတ်စက်ရုံဆိုရင် ပြည်တွင်းမှာ စက်ရုံငါးရုံလောက်ရှိရာကနေ တစ်ရုံပဲကျန်တော့တယ်။ ဆပ် ပြာမှုန့်တွေဆို နိုင်ငံခြားကနေပဲ ဝင်တော့တယ်။ အခွန်အကောက်ဥပဒေအသစ်မှာ အခွန်နှုန်းတွေလျှော့တာ၊ တိုးတာတို့နဲ့ မကောက်သင့်တာတို့ကို ဆွေးနွေးတင်ပြသွားမှာပါ”ဟု ဦးရဲမင်းအောင်က ရှင်းပြသည်။ 

ပြည်တွင်းရှိ ကုန်ထုတ်လုပ်ငန်းများကို ပြည်ပမှသွင်းကုန်များနှင့် ယှဉ်ပြိုင်ရောင်းချနိုင်ရန် ဝယ်ယူသုံးစွဲပေးရေးအတွက်လည်း ပညာပေးလုပ်ငန်းများနှင့် ဆွေးနွေးပွဲများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျွမ်းကျင်ပညာရှင်များပါဝင်သည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း၍ နိုင်ငံတကာရှိဥပဒေများကို လေ့လာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။ 

လာမည့် ၂၀၁၉ အခွန်အကောက် ဥပဒေတွင် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများကို အခွန်သက်သာခွင့်ပေးရေးအပြင် အခွန်စနစ်ပြင်ပ ရောက်နေသူများကိုလည်း အခွန်ဆောင်လာစေရန်အတွက် တိုက်တွန်းဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်တွင်းရှိ စိုက်ပျိုးထုတ်လုပ်သူများနှင့် သွင်းကုန်အစားထိုးလုပ်ငန်းများကို အကာအကွယ်ပေးရေးအတွက်လည်း အခွန်နှုန်းများ လျှော့ချပေးရေးနှင့် ပြည်ပမှ အကန့်အသတ်ဖြင့် တင်သွင်းခွင့်ပြုရေးတို့ကို တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်နေ့က ပြဋ္ဌာန်းခဲ့ပြီး ဧပြီလ ၁ ရက်နေ့က စတင်အသက်ဝင်ခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။ 

J-11


  • VIA