News

POST TYPE

POLITICAL

ပါတီအမည် ထပ်ပြောင်းမည်ဟု ဦးကိုကိုကြီး ပြော
25-Jun-2018

ရန်ကုန်၊ ဇွန် ၂၄ 

နိုင်ငံရေးပါတီတစ်ရပ်ထူထောင်မည်ဆိုသော အဓိကရည်ရွယ်ချက်ကို ဦးတည်သောကြောင့် ပါတီအမည်နှင့် အလံ၊ တံဆိပ်တို့ကို ထပ်မံပြောင်းလဲကာ အမည်ပြောင်းလဲမှတ်ပုံတင်မည်ဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဦးကိုကိုကြီးဦးဆောင်သော နိုင်ငံရေးပါတီတစ်ရပ် ထူထောင်လိုသူများကို ဧပြီလ ၂၆ ရက်၌ ပါတီတည်ထောင်ခွင့်ပြုခဲ့သော်လည်း ၎င်းတို့ထပ်မံတင်ပြလာသော “ရှစ်လေးလုံးပြည်သူ့ပါတီ” အမည်နှင့် အလံ၊ တံဆိပ်တို့ကို အများကန့်ကွက်မှုများရှိသည်ဟုဆိုကာ ဇွန်လ ၁၄ ရက်တွင် အဆိုပါ ပါတီအမည်နှင့် အလံ၊ တံဆိပ်တို့ကို ပြန်လည်ပြင်ဆင်၍ ကော်မရှင်သို့ ဇူလိုင် လ ၁၃ ရက် နောက်ဆုံးထား ပြန်လည်တင်ပြရန် နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီသို့ အကြောင်းပြန်ကြားခဲ့သည်။

ထို့ကြောင့် ဇွန်လ ၂၄ ရက်တွင် တစ်နိုင်ငံရှိ နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီဝင်ကိုယ်စားလှယ်များ ရန်ကုန်မြို့၌ ဆွေးနွေး၍ ပါတီအမည် ထပ်မံပြောင်းလဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“အမည်တွေဘာတွေ ခဏမေ့ထားပြီး နိုင်ငံရေးပါတီတစ်ခု မဖြစ်ဖြစ်အောင် ထူထောင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် နာမည်ကတော့ မဖြစ်မနေ ပြောင်းရမှာပဲ။ အခုထပ်ပြောင်းလိုက်ရင် အဆင်ပြေမယ်လို့ အကောင်းဘက်ကနေ မျှော်လင့်ပါတယ်၊ နောက်တစ်ခါလည်း ဒီလိုပဲဆိုရင်၊ သုံးခါဆိုရင်တော့ မကောင်းတော့ဘူးပေါ့ဗျာ” ဟု ဦးကိုကိုကြီးက ဆိုသည်။

ဦးကိုကိုကြီးအပါဝင် ပါတီထူထောင်လိုသူများက ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၁၅ ရက် တွင် နိုင်ငံရေးပါတီတစ်ရပ်ဖြစ်မြောက်ရေးကော်မတီကို စတင်ဖွဲ့စည်းခဲ့ပြီး “ရှစ်လေးလုံးပါတီ” အမည်ဖြင့် ၂၀၁၇ ခုနစ် ဒီဇင်ဘာလ ၁၉ ရက်တွင် ရွေးကောက်ပွဲကော်မရှင်ထံ ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့သည်။ 

ယင်းအမည်နှင့်ပတ်သက်ပြီး နိုင်ငံရေးအသိုင်းဝိုင်းမှ အငြင်းပွားမှု၊ အပြင်းအထန် ကန့်ကွက်မှုများကြောင့် “ရှစ်လေးလုံးပြည်သူ့ပါတီ” ဟု အမည်ပြောင်းကာ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂ ရက်တွင် ထပ်မံ လျှောက်ထားခဲ့သည်။

အထက်ပါကော်မရှင်၏ ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသည် မျှတမှုမရှိကြောင်းနှင့် ကော်မရှင်သည် ထိုဥပဒေအား ကျော်လွန်၍ ဆုံးဖြတ်ခဲ့သည်ဟု ဦးကိုကိုကြီးက ဝေဖန်ထားသည်။

“ရှစ်လေးလုံးပါတီ” နှင့် “ရှစ်လေးလုံး ပြည်သူပါတီ” ဟူသော အမည်များနှင့်ပတ်သက်၍ ကန့်ကွက်သူများက ထိုအမည်သည် ၈ လေးလုံးအရေးတော်ပုံ၏ အစဉ်အလာနှင့် နိုင်ငံရေးအနှစ်သာရများကို တစ်ဦးတစ်ယောက်၊ ပါတီတစ်ခုမှ အပိုင်စီးသလိုဖြစ်နေသောကြောင့် ပါတီတစ်ခုအနေဖြင့် မသုံးစွဲသင့်ကြောင်း အပြင်းအထန်ဝေဖန်ခဲ့ကြသည်။

အဆိုပါ ပါတီအမည်ပြောင်းလဲခြင်းနှင့်ပတ်သက်ပြီး တစ်နိုင်ငံရှိနိုင်ငံရေးပါတီတစ်ရပ် ဖြစ်မြောက်ရေးကော်မတီဝင်များမှ ဇူလိုင် ၈ ရက်တွင် မန္တလေးမြို့၌ ထပ်မံဆွေးနွေး၍ အမည်အသစ်ကို ကော်မရှင်မှ နောက်ဆုံးသတ်မှတ်ထားသော ဇူလိုင်လ ၁၃ ရက်အမှီ ကော်မရှင်သို့ ပြန်လည်တင်ပြမည်ဖြစ်သည်။

ဝေလင်း