News

POST TYPE

POLITICAL

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် အရန်ဗဟိုအလုပ်အမှုဆောင် ၁၄ ဦး ထပ်တိုးဖွဲ့
24-Jun-2018

ရန်ကုန်၊ ဇွန် ၂၄

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟိုအလုပ်အမှုဆောင်နှင့် အရန်ဗဟိုအလုပ်အမှုဆောင် ၁၄ ဦးထပ်မံတိုးချဲ့၍ ဖွဲ့စည်းလိုက်ကြောင်း ယင်းပါတီ၏နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံအပြီး ထုတ်ပြန်ချက်အရ သိရသည်။

NLD ပါတီ၏ ဒုတိယအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီ ညီလာခံကို ဇွန်လ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့ထိ ရန်ကုန်မြို့ရှိ MCC ခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

NLD ပါတီ၏ လစ်လပ်နေသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် အဖွဲ့ဝင်သစ် ၆ ဦး ထပ်တိုးလိုက်ခြင်းဖြစ်ပြီး ပါတီ ဗဟိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင် ဦးသိန်းဦး၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာတင်မျိုးဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ကချင်ပြည်နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံးခါး နော်ဆမ်၊ ပါတီဗဟိုစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးတင်ထွဋ်ဦးတို့ကို ခန့်အပ်လိုက်ခြင်းဖြစ်သည်။

ထို့ပြင် ပါတီ၏အရန်ဗဟိုအလုပ်အမှုဆောင် ရှစ်ဦးခန့်အပ်လိုက်ခြင်းဖြစ်ပြီး နိုင်ငံတော် သမ္မတဟောင်း၏ ဇနီးဖြစ်သူ ဒေါ်စုစုလွင် အပါအဝင် ဦးသန်းနိုင်၊ ဦးဇိုဘွဲ့၊ ဦးအောင်မြင့်၊ ဒေါက်တာခင်ဆောင်၊ ဦးစိုးလေး(ခ)ဦးစိုးဝင်း၊ ဦးမောင်မောင်စိန်၊ ဦးကျော်ဟိုးတို့ကို ခန့်အပ်လိုက်ခြင်းဖြစ်သည်။

ဇွန်လ ၂၃ ရက်က ကျင်းပသော ပါတီညီလာခံ ဆုံးဖြတ်ချက်တွင် ပါတီဗဟိုကော်မတီဝင်အသစ် ၄၂ ဦးနှင့် အရန်ဗဟိုကော်မတီဝင် ၃၀ ဦးကိုလည်း ခန့်အပ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းသို့ ခန့်အပ်ရာတွင် ပြည်နယ်နှင့် တိုင်းအသီးသီးမှ အမည်စာရင်း တင်သွင်းလာသော စာရင်းများမှ မဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ပါတီ၏ အနာဂတ် ကောင်းမွန်ရေးအတွက် ယင်းသို့ ထပ်တိုးဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က ပြောဆိုသည်။

“တိုင်းနဲ့ ပြည်နယ်အလိုက် တစ်ဦးစီတင်ပြတယ်၊ ဗဟိုကလည်း တစ်ဦးတင်ပြတယ်။ အဲဒီ ၁၅ ဦးထဲက မဲပေးပြီး ရွေးချယ်ခဲ့တာပါ။ တိုင်းနဲ့ ပြည်နယ်အလိုက် ညှိညှိနှိုင်းနှိုင်း ရွေးချယ်ပါတယ်။ ညှိညှိနှိုင်းနှိုင်း ရွေးချယ်လို့မရလို့ ကျန်ခဲ့ရတဲ့သူတွေလည်း ရှိပါတယ်”ဟု ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။

NLD ပါတီအနေနှင့် ယင်းသို့ ထပ်တိုးခန့်အပ်ခဲ့ခြင်းကြောင်း ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၂၁ ဦးထိ ရှိလာမည်ဖြစ်ပြီး ဗဟိုကော်မတီဝင် ၁၄၈ ဦးထိ ရှိလာခဲ့ပြီဖြစ်သည်။

ထို့ပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အဆိုပါပါတီညီလာခံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အပါအဝင် ပါတီ၏မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည် ဆောင်ရွက်ရေးတို့ကိုလည်း ချမှတ်နိုင်ခဲ့ပြီး နိုင်ငံရေး အစီရင်ခံစာများကိုလည်း တင်သွင်းခဲ့ကြောင်း ပါတီညီလာခံ ထုတ်ပြန်ချက်အရ သိရသည်။

NLD ပါတီ၏ အဆိုပါ နှစ်ရက်ကြာ ကျင်းပခဲ့သည့် ပါတီညီလာခံကို သဘာပတိအဖြစ် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ညီလာခံသို့ ပြည်နယ်နှင့် တိုင်းအသီးသီးမှ ကိုယ်စားလှယ် ၁၀၅၆ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ 

J-08