News

POST TYPE

POLITICAL

ကချင်ပြည်နယ်ရှိ ဒုက္ခသည်စခန်း ၁၀ ခုတွင် နေရာကျပ်တည်းမှုနှင့် သောက်သုံးရေ အရေးပေါ်လိုအပ်
24-Jun-2018

ရန်ကုန်၊ ဇွန် ၂၃ 

ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်း ၁၀ ခုကို စစ်ဆေးရာတွင် နေရာကျပ်တည်းမှုနှင့် ရေပြတ်လပ်မှု အရေးပေါ်လိုအပ်နေကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောကြားသည်။

“Camp တွေထဲမှာ အိမ်ထောင်စု လူဦးရေနဲ့က မဆံ့ဘူး။ ကျပ်ကျပ်တည်းတည်း နေရတယ်။ ရေလုံးဝမရတော့ တောင်ကျရေကို သောက်တော့ ဝမ်းရောဂါ ဖြစ်နေကြတယ်။ အဲဒါတွေက အရေးပေါ်လိုအပ်တာတွေ ဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ ဒုက္ခသည်စခန်း ၁၀ ခုလုံးတွင် မိသားစု ၈ ဦးပါ ဒုက္ခသည် အိမ်ထောင်စုတစ်စုလျှင် အကျယ် ၈ ပေနှင့် ၁၀ ပေ၌ ကျပ်တည်းစွာ နေထိုင်နေရကြောင်း၊ ထို့အပြင် သောက်သုံးရေ မရရှိသောကြောင့် တောင်ကျရေကို သောက်သုံးရသည့်အတွက် ဝမ်းရောဂါဖြစ်ပွားမှု များပြားနေပြီး ချိုးရေ မရရှိသောကြောင့် စမ်းချောင်းအတွင်း ရေသုံးစွဲနေရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ကနဦး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်း ၁၅ ခုစစ်ဆေးရန် စီစဉ်ထားသော်လည်း လမ်းခရီးအခက်အခဲကြောင့် မိုးကောင်း၊ ကာမိုင်း၊ မြစ်ကြီးနား၊ ဝိုင်းမော်အနီးတွင် ဖွင့်လှစ်ထားသည့် စခန်း ၁၀ ခုကိုသာ စစ်ဆေးခဲ့ပြီး တနိုင်းမှ ဒုက္ခသည်စခန်းများကို စစ်ဆေးနိုင်ခဲ့ခြင်းမရှိကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါဒုက္ခသည်စခန်းများရှိ နေရာကျပ်တည်းမှု၊ ကျန်းမာရေးနှင့် အရေးပေါ်အကူအညီများ လိုအပ်နေသည့်အတွက် ဇွန် ၂၅ ရက်တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံလည်း အရေးပေါ်ဖြေရှင်းပေးရန် တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ကော်မရှင်သည် ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ မိုးကောင်း၊ ဝိုင်းမော်၊ ဖားကန့်မြို့များတွင် ဖွင့်လှစ်ထားသည့် လမ်းခွဒုက္ခသည်စခန်း၊ မြို့ဦး ဒုက္ခသည်စခန်း၊ လိုင်နောင်း၊ ကာမိုင်း၊ လမ်းဝါ၊ HOST၊ တံဖရဲ၊ ဂျော်မစပ်၊ နှစ်ချင်းဘုရားကျောင်း အပါအဝင် ဒုက္ခသည်စခန်း ၁၀ ခုကို သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ဒုက္ခသည်စခန်းများ စစ်ဆေးပေးရန် ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တင်ပြထားသောကြောင့် ဇွန် ၁၇ ရက်မှ ဇွန် ၂၃ ရက်အထိ သွားရောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်။ 

J-18


  • VIA