News

POST TYPE

POLITICAL

တောင်ငူ၌ KNU အမည်သုံးပြီး ဥပဒေပြင်ပလုပ်ဆောင်နေသူမှာ ၎င်းတို့နှင့် သက်ဆိုင်ခြင်းမရှိဟုထုတ်ပြန်
17-Jun-2018

တောင်ငူ၊ ဇွန် ၁၆

ကရင်အမျိုးသားအစည်းအရုံး (KNU) အရာရှိဝတ်စုံဝတ်ဆင်ပြီး ပဲခူးတိုင်း တောင်ငူမြို့နယ်အတွင်း လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးကိစ္စများ၌ ဥပဒေပြင်ပလုပ်ဆောင်နေသူ အမျိုးသားသည် ၎င်းတို့အဖွဲ့အစည်းနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး (တောင်ငူ) က ထုတ်ပြန်သည်။

ထို့ပြင် အဆိုပါ ကျော်ကျော်လွင် (ခ) ဆူးရစ် (ခ) ကျော်နိုင်ကို KNU အဖွဲ့မှ ဖမ်းဝရမ်းထုတ်ထားကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီကောင်က အဖွဲ့အစည်းအောက်ခြေမှာ အလုပ်လုပ်ချင်တယ်ဆိုပြီး မနှစ်လောက်က လာပြောတယ်။ ဘာတာဝန်မှလည်း မပေးထားဘူး။ ဒါကြောင့် ဒီကောင့်ကို ဖမ်းဖို့ ဝရမ်းထုတ်တာ။ အခုထိတော့ မမိသေးပါဘူး”ဟု KNU တပ်မဟာ ၂ တပ်ရင်းမှူး ဖဒိုဒဲလ်ဖိုးက ပြောကြားသည်။

လက်ရှိ KNU မှ အရေးယူရန် ဖမ်းဝရမ်းထုတ်ခံထားရသူသည် ကရင်အမျိုးသားအစည်းအရုံး တောင်ငူခရိုင်တွင် အဖွဲ့အစည်းအမည်ကို အလွဲသုံးစားပြုခြင်း၊ လက်နက်ကိုင်တပ်ဖွဲ့ အမှတ်တံဆိပ်ပါ အရာရှိဝတ်စုံကို ဝတ်ဆင်ကာ အဖွဲ့အစည်းဂုဏ်သိက္ခာကျဆင်းရန် လုပ်ဆောင်နေကြောင်း KNU အဖွဲ့မှ တာဝန်ရှိသူများက ဆိုသည်။

လက်နက်ကိုင်တပ်ဖွဲ့များ အခြေစိုက်ရာဒေသများ၌ အဖွဲ့အစည်းများနှင့်ပေါင်းကာ ကိုယ်ကျိုးရယူဆောင်ရွက်နေသူ အချို့ရှိနေပြီး အချို့က အဖွဲ့အစည်း၏ အဝတ်အစား၊ ရာထူးအဆင့်တံဆိပ်များ တပ်ဆင်ကာ ဒေသခံများကိုပင် ခြိမ်းခြောက်ပြောဆိုမှုများရှိနေကြောင်း တောင်ငူဒေသခံများထံမှ သိရသည်။ 

R-15


  • VIA