News

POST TYPE

POLITICAL

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ ပြောင်းရွှေ့
16-Jun-2018
စစ်တွေ၊ ဇွန် ၁၆ 

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ရခိုင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေကို စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ရန် ပြောင်းရွှေ့ခဲ့ကြောင်း ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။ 

ဦးတင်မောင်ဆွေသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည်မှာ ၃ နှစ်ကျော်ပြီဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ မူလတာဝန်ဖြင့် ဇွန်လ ၁၂ ရက်က ပြောင်းရွှေ့ရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။ 

“ပုံမှန် ရာထူးပါပဲ။ ဘာကြောင့် ပြောင်းလဲဆိုတာတော့ ကျွန်တော်လည်း အတိအကျ မသိဘူး”ဟု ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ဆိုသည်။

ဦးတင်မောင်ဆွေ တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် မြောက်ဦး အဓိကရုဏ်းကြောင့် လူ၇ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရရှိကာ ဖမ်းဆီးတရားစွဲဆိုမှုများ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းအပြင် အဓိကရုဏ်းဖြစ်ပွားစဉ် တာဝန်ထမ်းဆောင်ခဲ့သော မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက် သတ်ဖြတ်ခံရခြင်းတို့ ဖြစ်ပွားခဲ့သည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဦးတင်မောင်ဆွေအိမ် လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခံရမှုကြောင့် အိမ်တံခါး၊ လုံခြုံရေး အဆောင်၊ ကား၂ စီးနှင့် အိမ်ရှိမှန်များ ကွဲထွက်ခဲ့ပြီး ယင်းနေ့မှာပင် ရခိုင်ပြည်နယ် တရားလွှတ်တော်ရုံးရှေ့၊ ပြည်နယ်မြေ စာရင်းရုံးရှေ့တို့တွင်လည်း မိုင်းပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည်။

“ပြည်နယ်မင်းကြီး (ဦးတင်မောင်ဆွေ) ပြောင်းရွှေ့ရတာကတော့ ရိုးရိုး ပြောင်းရွှေ့ခံရတာလို့တော့ သိရတယ်။ အခြား ဟိုကိစ္စကြောင့် ဒီကိစ္စကြောင့်လို့တော့ မကြားမိပါဘူး”ဟု စစ်တွေမြို့နယ်ရှိ အထွေထွေ အုပ်ချုပ်ရေးဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

တာဝန်ပြောင်းရွှေ့ထမ်းဆောင်ရမှုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေကို ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရပေ။

R-22