News

POST TYPE

POLITICAL

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းကို ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်
07-Jun-2018


ရန်ကုန်၊ ဇွန် ၆ 

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ ဦးသောင်းထွန်းကို ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို လုပ်ကိုင်ခွင့်ပေးရသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်ကြောင်း ယင်းကော်မရှင်က ထုတ်ပြန်ကြေညာသည်။

ယခင်က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌမှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းဖြစ်ပြီး ၎င်းမှာ ပြည်ထောင်စုဝန်ကြီးတာဝန်မှ နုတ်ထွက်သွားသောကြောင့် ဦးသောင်းထွန်းကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်သည်။

“ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌတွေက စီမံဘဏ္ဍာဝန်ကြီးဌာန၊ မွေးရေဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနတို့၊ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနတို့က ဝန်ကြီးတွေတာဝန်ယူကြတာ။ အခုပြည်ထောင်စု အစိုးရအဖွဲ့ရုံးက ဝန်ကြီးဆိုတော့ ဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းတဲ့နေရာမှာ ပိုအဆင်ပြေတာပေါ့”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ဦးသောင်းထွန်းသည် သိပ္ပံဘွဲ့ကို ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှရရှိခဲ့ပြီး ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှလည်း ပြင်သစ်ဘာသာစကားကို ဒီပလိုမာရရှိခဲ့ကာ အမေရိကန် ဂျွန်ဟော့ဖ်ကင်း တက္ကသိုလ်တွင်လည်း Advanced International Studies ဘာသာရပ်ကို သင်ကြားခဲ့သည်။

ယခုအစိုးရလက်ထက်တွင် ဦးသောင်းထွန်းသည် ပြည်ထောင်စုဝန်ကြီးဖြစ်လာခဲ့ပြီး ယင်းကာလမတိုင်မီက နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးကာ ဖိလစ်ပိုင်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်နှင့် အီးယူတို့တွင် မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အမှန်တကယ်နားလည်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်သည့် ဝန်ကြီးများကိုသာ ခန့်အပ်ရန်လိုအပ်နေကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုသည်။

“ရင်းနှီးမြှုပ်နှံမှုတွေက ဝင်လာပေမယ့် အလုံးအရင်းနဲ့မဝင်လာတာ လိုအပ်ချက်တွေရှိတယ်။ ဒီဟာတွေကို ဘယ်လိုဖြည့်ဆည်းပြီးတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကနေ နိုင်ငံ့ဂျီဒီပီကို ဘယ်လိုတက်အောင်လုပ်မလဲ။ ဒါတွေ ပိုင်နိုင်တဲ့သူပဲ အဆင်ပြေပါတယ်။ ကျွန်တော်သိသလောက်ကတော့ အခုခန့်အပ်တဲ့သူက နိုင်ငံရေးလောကမှာ တကယ်တော်ပါတယ်။ စီးပွားရေးကဏ္ဍနဲ့ ပတ်သက်လို့ စောင့်ကြည့်ရဦးမှာပါ”ဟု ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ၁၉၉၄ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး အစိုးရအပြောင်းအလဲလုပ်တိုင်း ကော်မရှင်ကို ပြန်လည်ဖွဲ့စည်းခဲ့ရကာ ဥက္ကဋ္ဌမှာ ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် အတွင်းရေးမှူးမှာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးဖြစ်သည်။

J-13


  • VIA